____________________

ဓမ္မစကြာတရားတော်အရ အစွန်းနှစ်ပါးကို ရှောင်ရန် အရေးကြီး၏။ ပထမ အစွန်းမှာ ကာမသုခလ္လိကနုယောဂ အစွန်း ဖြစ်၏။ ချမ်းသာသုခကို ရှာရာတွင် မိမိ၏ စိတ်ကို နှိပ်ကွပ်ခြင်းမရှိဘဲ မိမိရှာချင်သလို ရှာသောနည်း ဖြစ်၏။ ယင်းရှာနည်းသည် ယုတ်ညံ့၏။ မမြင့်မြတ်။ အကျိုးမဲ့ကို ဖြစ်စေ၏။ အမှန်အားဖြင့် ဤရှာနည်းသည် ပတ်ဝန်းကျင်ကို များစွာ အနှောင့်အယှက် ပြုသဖြင့် ယုတ်လည်း ယုတ်ညံ့၏။ မြင့်မြတ်သော အကျိုးကို ရဖို့ကား ဝေးသေး၏။ သို့ရာတွင် ထိုအစွန်းနှစ်ပါးကို လမ်းမှန်ဟု ထင်သူများသည် အားကောင်း လှ၏။ ချမ်းသာသုခရဖို့ရန် ယဇ်ပူဇော်ခြင်း ယညနည်းသည် ဤကာမသုခလ္လိကနုယောဂနည်း၌ ပါဝင်၏။


ဒုတိယအစွန်းမှာ အတ္တကိလမထာနုယောဂအစွန်း ဖြစ်၏။ ချမ်းသာကို ရှာဖွေရာတွင် မိမိစိတ်ကို အတင်းအဓမ္မ နှိပ်ကွပ်ခြင်းဖြင့် ရှာသောနည်း ဖြစ်၏။ ယင်းနည်းသည် ဆင်းရဲ၏။ မမြင့်မြတ်။ အကျိုးမဲ့ကိုပင် ဖြစ်စေ၏။ ဤရှာနည်း သည် စိတ်၏ ထွက်ပေါက်ကို ဖြစ်ချင်သလို ဖြစ်စေတတ်သောကြောင့် စိတ္တဇဝေဒနာကို ဖြစ်စေတတ်၏။ အမှန်အားဖြင့် ဤရှာနည်းသည် ချမ်းသာသုခကို ရဖို့ ရန် ပြင်းထန်သော တပအကျင့်ဖြင့် ရှာနည်း ဖြစ်၏။


ဤရှာနည်းနှစ်မျိုးလုံးသည် အရိယာသစ္စာကို ရဖို့ရန် ကောင်းမွန်မှန်ကန်သောနည်းများ မဟုတ်ကြောင်း မြတ်စွာဘုရားက ပဉ္စဝဂ္ဂီငါးပါးတို့အား ဟောကြားတော်မူ၏။ စိတ်ကို အထိန်းအကွပ်မဲ့ လွှတ်ပေးခြင်းလည်း မကောင်း၊ အတင်း အဓမ္မ ချုပ်တည်းခြင်းလည်း မကောင်း၊ နှစ်မျိုးလုံး အစွန်းတရားချည်း ဖြစ်သည်။


အရိယသစ္စာကို ရဖို့ရန် မြတ်စွာဘုရားသည် မဇ္ဈိမပဋိပဒါနည်းကို သုံးတော်မူ၏။ 

မဇ္ဈိမပဋိပဒါနည်းသည် မြတ်စွာဘုရားရှင်တို့သာ တွေ့ ရှိတော်မူသောနည်း ဖြစ်၏။ 


ယင်းနည်းကို လောကဥပမာဖြင့် ဆိုရလျှင် ပန်းပွင့်တစ်ပွင့်ကို ခူးမည်ဆိုပါက 

ပထမဦးစွာ ပန်းပင်ပေါ်၌ ပန်းပွင့်ကို တွေ့အောင် ရှာရမည်။ 

ထို့နောက် မာသော မြေနေရာကို ရှာရမည်။ ထို့နောက် မာသော မြေနေရာ၌ 

လှေကားကို ထောင်ရမည်။ ထို့နောက် တက်ခူးရမည်။ ထို့နောက် ပန်းပွင့်ကို 

ဟိုဘက် ဒီဘက် အထက်အောက် လှန်၍ ကြည့်ရမည်။ ထို့နောက် ပန်းပွင့်နှင့် ပတ်သက်၍ 

အကောင်းအဆိုး ဆုံးဖြတ်ရမည်။ 


ထိုနည်းအတူ ပင် ပန်းပွင့်ကို တွေ့အောင်ရှာခြင်းနှင့် 

- တရားအာရုံကို တွေ့အောင်ရှာခြင်းသည် တူ၏။ 

ယင်းကို သမ္မာသတိဟု ဆို၏။ 


- မာသောမြေနေရာနှင့် သီလသည် တူ၏။ 

သီလတွင် သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝတို့ ပါဝင်၏။ 


- လှေကားထောင် ခြင်းနှင့် ဝီရိယသည် တူ၏။ 

ယင်းကို သမ္မာဝါယာမှဟု ဆို၏။ 


- ပန်းခူးခြင်းနှင့် တရားအာရုံကို ရအောင် ယူခြင်းသည် တူ၏။ 

ယင်းကို သမ္မာသမာဓိဟု ဆို၏။ 


- ပန်းပွင့်ကို ဟိုဘက်ဒီဘက် ထက်အောက်လှန်ခြင်းနှင့် 

တရားအာရုံကို ကြံစည်ခြင်း ဝိတက်သည် တူ၏။ 

ယင်းကို သမ္မာသင်္ကပ္ပဟု ဆို၏။ 


- ပန်းပွင့်အပေါ်ကောင်း မကောင်း ဆုံးဖြတ်ခြင်းနှင့် တရားအပေါ် 

နိစ်စလား၊ အနိစ်စလား၊ သုခလား၊ ဒုက်ခလား၊ အတ်တလား၊ အနတ်တလား ဟူ၍ 

အမှန်အကန်သိအောင် ကြည့်မြင်သော ဉာဏ်သည် တူ၏။ 

ယင်းကို သမ္မာဒိဋ္ဌိဟု ဆို၏။ မဇ္ဈိမပဋိပဒါနည်းကို မဂ္ဂင်ရှစ်ပါး ဟုလည်း ဆို၏။ 


မဇ္ဈိမပဋိပဒါတွင်လည်း စိတ်ကို နှိပ်ကွပ်သည့်သဘောသည် ပါဝင်၏။ သို့ရာတွင် အစွန်းကျင့်စဉ်များ၌လို 

စိတ်ကို ပုဂ္ဂိုလ် (အတ္တ)အနေဖြင့် နှိပ်ကွပ်ခြင်းမျိုး မဟုတ်၊ ဓမ္မ (အနတ္တ)အနေဖြင့် သူ့ဟာသူ နှိပ်ကွပ်ခြင်းမျိုးသာ ဖြစ်၏။


#ဦးရွှေအောင် #ဗုဒ္ဓ(သို့မဟုတ်)အနှိုင်းမဲ့

https://www.facebook.com/thuwannashan

#သုဝဏ္ဏသျှမ် #စာဖတ်သူတစ်ယောက်၏မှတ်စုများ