******************************

ဗုဒ္ဓဘာသာဝင် အများစုသည် ကောင်းကင်မှ ပျံလာသော ရဟန်းတော်တိုင်းကို 'ရဟန္တာ'ချည်းထင်တတ်၏ ။ အကျဉ်းချုပ် မှတ်သားရမည်မှာ 'ကောင်းကင်မှာပျံနိုင်တိုင်း ရဟန္တာမဟုတ်၊ ရဟန္တာတိုင်း လည်း ကောင်းကင်မှာ မပျံနိုင်' ဟူသော အချက်ပင်ဖြစ်၏ ။ ကောင်းကင်တွင် ပျံနိုင်သောသူသည် သုံဦးရှိ၏။ ဆေး၊ အင်း၊ ဓာတ် စသည် အောင်မြင်သဖြင့် ဝိဇ္ဇာဇော်ဂျီ၊ တပသီအချို့ ကောင်းကင်တွင် ပျံနိုင်၏ ။


စျာန်အဘိညာဉ်ရသော ရဟန်းအချို့ ကောင်းကင်တွင်ပျံနိုင်၏ ။ ယခုအခါ အဝီစိငရဲ၌ ကျခံနေရသော ' ဒေဝဒတ်ရဟန်း' သည် သံဃာသင်းခွဲသောကံကို မပြုမီ၊ ဘုရားရှင်အား သွေးစိမ်းတည်အောင် မလုပ်မီက ကောင်းကင်ပျံနိုင်သော စျာန်အဘိဉာဉ်ရ ရဟန်းတစ်ပါးပင်ဖြစ်၏ ။ ဘုန်းကြီးချင်သော လောဘ(စိတ်ယုတ်မာ)ကြောင့် မဟုတ်တာတွေ လျှောက်လုပ်မိသဖြင့် စျာန်လျှောပြီး မြေမျိုကာ အဝီစိငရဲသို့ ကျရောက်နေခြင်းဖြစ်၏ ။


စျာဉ်အဘိညာဉ်ရသော ရဟန္တာများကောင်းကင်တွင် ပျံနိုင်ကြ၏ ။ စျာန်အဘိညာဉ် မရသော 'သုက္ခဝိပဿကရဟန္တာ' များကာ ရဟန္တာဖြစ်သော်လည်း ကောင်းကင်တွင်ပျံနိုင်ခြင်း မရှိချေ။ ဆက်၍မှတ်ရမည်မှာ ကောင်းကင်ပျံနိုင်ခြင်းသည် စျာန်၏တန်ခိုးမဟုတ်၊ အဘိညာဉ်၏ တန်ခိုးသာဖြစ်သည်။ စျာန်နှင့်အဘိညာဉ်သည်မတူပေ။ စျာန်သည် တိဟိတ်ပုဂ္ဂိုလ်တိုင်း ရနိုင်သော်လည်း အဘိညာဉ်ကား တိဟိတ်ပုဂ္ဂိုလ်ဖြစ်ရုံနှင့် မရ။ အာဟာရဓာတ် အားကောင်းပြီး ကိုယ်ခန္ဓာတောင့်တင်း ခိုင်မာဖို့လည်း လိုအပ်၏ ။ 


စျာန်အင်္ဂါငါးပါး ရှိသော ပထမစျာန်။

စျာန်အင်္ဂါလေးပါး ရှိသော ဒုတိယစျာန်။

စျာန်အင်္ဂါသုံးပါး ရှိသော တတိယစျာန်။

စျာန်အင်္ဂါနှစ်ပါး ရှိသော စတုတ္ထစျာန်။

စျာန်အင်္ဂါတစ်ပါး ရှိသော ပဉ္စမစျာန်။ ဟု ငါးပါးရှိသည်။


' မေတ္တာဒယော တယော စတုတ္ထဇ္စုာနိကာ ' ဟူသော အဘိဓမ္မတ္ထသင်္ဂဟကျမ်းအဖွင့်အရ မေတ္တာ၊ ကရုဏာ၊ မုဒိတာသုံးပါးတွင်း တစ်ပါးပါးကို ပွားများလျှင် ပထမစျာန်မှ စတုတ္ထစျာန်အထိ ရနိုင်သည်ဟု သိရ၏ ။ စျာန်၏အဓိပ္ပါယ်မှာ 'ကိလေသာတို့ကို လောင်မြိုက်ခြင်း၊ ကိလေသာတို့ကို ငြိမ်းစေခြင်း' ဟု ဖြစ်သည်။


သမထကမ္မဋ္ဌာန်း (၄၀)တွင် မေတ္တာဘာ၀နာသည် စျာန်တရားကို အမြန်ဆုံးရ၏ ။ စာတွေ့၊ လက်တွေ့နှစ်ခုလုံးပြပါအံ့။ မဇ္စိုမပဏ္ဏာသပါဠိတော်၊ ဓနဉ္ဇာနီသုတ်အဖွင့်၌ ဓနဉ္ဇာနီပုဏ္ဏားကြီးသည် သေခါနီး ကာလတွင် အရှင်သာရိပုတ္တရာကိုပင့်ပြီး တရားနား၏ ။ အရှင်သာရိပုတ္တရာက မေတ္တာပွားများနည်း ကို ဟောကြားပေးတော်မူ၏ ။


တရားနားရင်း၌ပင် မေတ္တာဘာဝနာကို ပွားများလေရာ ပထမစျာန်ကို ရ၏ ။ ထိုပထမစျာန်နှင့် သေသောကြောင့် ပထမစျာန်ဗြဟ္မာ့ဘုံသို့ ရောက်ရ၏ ။ ထိုအကြောင်းကို ဗုဒ္ဓသိတော်မူသောအခါ ' မဂ်ဖိုလ်ရနိုင်သူကို စျာန်ရကြောင်းတရားကိုသာ ဟောရမည်လော' ဟု အပြစ်တင်တော်မူကာ ဗြဟ္မာ့ပြည်အထိ လိုက်ပြီး ဝိပဿနာတရားကို ဟောခိုင်းတော်မူ၏ ။


အရှင်သာရိပုတ္တရာကလည်း လိုက်ဟော၏ ။ ထို့ကြောင့် ဗြဟ္မာပြည်ရောက်မှ ဓနဉ္ဇာနီပုဏ္ဏားသည် မဂ်ဖိုလ်ကို ရသွား၏ ။ ထိုအခါမှနောက် အရှင်သာရိပုတ္တရာသည် တရားဟောသည့်အခါတိုင်း သစ္စာလေးပါး ဝိပဿနာတရားကို ထည့်သွင်းဟောကြားတော့သည်။


ဤဖြစ်ရပ်၌ မေတ္တာတရားဟောနေစဉ် ခဏတာ အချိန်တွင်းမှာပင် စျာန်ရသွားသည် ကို ထောက်သောအားဖြင့် ကိလေသာငြိမ်းနေရုံ စျာန်ရဖို့အတွက်လောက်ကာ မခဲယဉ်းဟု သိနိုင်၏ ။

စျာန်ရပုံကို အလုပ်နှင့်ညှိ၍ လက်တွေပြအံ့။


မေတ္တာဘာဝနာကို စျာန်ရအောင် ပွားများလိုသူသည် မိမိကိုယ်ကစ၍ ပွားများရ၏။ ပြီးလျှင် မိမိအပေါ် ကျေးဇူးအများဆုံး၊ မိမိအချစ်မြတ်နိုးဆုံးပုဂ္ဂိုလ်၊ ပြီးလျှင် မချစ်မမုန်း အလယ်အလတ်ပုဂ္ဂိုလ်၊ ပြီးလျှင် ရန်သူဖြစ်သူတို့အပေါ် ပွားများရမည်။ ဤကား ဝိသုဒ္ဓိမဂ် အဠကထာလာ အတိုင်းဖြစ်၏ ။ ထိုအစဉ်ကို မှတ်မိရန် သီထားသော လင်္ကာတစ်ပုဒ်ကာ -


"မိမိကိုယ်က၊ အဦးစ၍

ပိယမဇ္စု၊ ဝေရီကျအောင်

တစ်စတစ်စ၊ သုံးဝပုဂ္ဂိုလ်

ကိုယ်နှင့်အတူ၊ အမျှမူ၍ "


ပွားများမှု့အားကောင်းလာသည်နှင့် ပထမစျာန်ကို ရရှိ၏ ။ ပထမစျာန်ရပုံကာ-မိမိမေတ္တာပို့လိုသူကို အာရုံယူလိုက်လျှင် ချက်ချင်းရ၏ ။ ဤသည်ကို'ပထမစျာန်၏ ပထမအင်္ဂါဖြစ်သော ဝိတက်' ဟုခေါ်၏ ။ ထိုသူ၏ သွားပုံ လာပုံ ကျန်းမာ ချမ်းသာပုံကို လိုအပ်သလို သုံးသပ်ဆင်ခြင်၍ရ၏ ။ ဤသည်ကို ' ဝိစာရ ' ဟုခေါ်၏ ။


မေတ္တာပွားနေချိန်တွင် ဘာနဲ့မှမတူအောင် အလွန်နှစ်သက်၏ ။ ဤသည်ကို ပီတိ ဟုခေါ်၏။ မေတ္တာ ပွားနေချိန်တွင် အလွန်းချမ်းသာ၏ ။ ဤသည်ကို သုခ ဟုခေါ်၏ ။ မေတ္တာပွားနေချိန်တွင် စိတ်သည်မေတ္တာခံယူသူအပေါ်၌ တည်ကြည်နေ၏ ။ ဤသည်ကို 'ဧကဂ္ဂတာ' ဟုခေါ်၏ ။ ထိုဧကဂ္ဂတာ စေတသိက်ကိုပင် သမဓိ ဟုလည်း ခေါ်ကြ၏ ။


ဆိုအပ်ခဲ့ပြီးသော စျာန်အင်္ဂါငါးပါးနှင့် ပြည့်စုံနေချိန်ကို ပထမစျာန်ရသည်ဟု ခေါ်သည်။ ထိုပထမစျာန်ရရုံမျှဖြင့် မြေလျှိုးမိုးပျံ ကိုယ်ယောင်ဖျောက်ခြင်းများ မလုပ်နိုင်ပေ။ ထိုပထမစျာန်မှ ပဉ္စမစျာန်အထိရောက်အောင် အစဉ်တိုင်း အစုန်ပွားများနိုင်၏ ။ တစ်ဖန် ပဉ္စမစျာန်မှ ပထမစျာန် ထိရောက်အောင် အဆန်လည်း ပွားများနိုင်၏ ။


ထိုကဲ့သို့ စျာန်ငါးပါးကို အစုန်အဆန် ပွားများနိုင်ပြီး ဝသီဘော်နိုင်သောအခါ အဘိညာဉ်ကိုရ၏ ။ ထိုအဘိညာဉ်ကို ရသောအခါတွင်မှ ဝါယောကသိုဏ်း ဝင်စားပြီး မိမိကိုယ်ကို ပေါ့ပါးစေကာ ကောင်းကင်သို့ ပျံနိုင်ခြင်းဖြစ်၏ ။


ဤစကားရပ်တို့ကို ထောက်၍ စျာန်ရရုံမျှနှင့် ကောင်းကင်မပျံနိုင်၊ အဘိညာဉ် အထိ ရမှသာ ကောင်းကင် ပျံနိုင်သည်ဟု ခွဲခြားမှတ်သားရမည် ။


အရှင်ဇဝန (မေတ္တာရှင်-ရွှေပြည်သာ)


#credit 


#သုတရသစာပေဇုံPageမှ 

#မေတ္တာဖြင့် 

#ပြန်လည်မျှဝေပါသည် ။