"ကဆုန်လပြည့် ဗုဒ္ဓနေ့အကြောင်း"
✔✔✔✔✔✔✔✔
ဗုဒ္ဓဘာသာဝင်တိုင်း ကဆုန်လပြည့် ဗုဒ္ဓနေ့ အကြောင်းကို သိစေရန်အတွက် ဒီဆောင်းပါးကို ရေးပြီး ဘုရားရှင်ကို ပူဇော်သက္ကာရ ပြုလိုက်ရပါတယ်။
ကဆန်ုလပြည့်နေ့ဟာ ဗုဒ္ဓဘာသာတို့ရဲ့ နေ့ထူးနေ့မြတ်ကြီးတစ်နေ့ဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့-
(၁) ဘုရားအလောင်းတော် ရသေ့သုမေဓာဟာ ဒီဘဒ္ဒကမ္ဘာမှ လေးဆူမြောက် ဂေါတမဘုရားစင်စစ် ဖြစ်လိမ့်မယ်လို့ ဒီပင်္ကရာမြတ်စွာဘုရားထံ နိယတဗျာဒိတ်ခံယူတဲ့နေ့ဟာ ကဆုန်လပြည့်နေ့ဖြစ်တယ်။
(၂) ဂေါတမဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားလေး မွေးဖွားလာခဲ့တဲ့နေ့လဲ မဟာသက္ကရာဇ် ၆၈ ခု၊ ကဆုန်လပြည့်နေ့ဖြစ်တယ်။
(၃) ဂေါတမဘုရားအလောင်း ဗောဓိပင်အောက်မှာ ဘုရားဖြစ်တဲ့နေ့လဲ မဟာသက္ကရာဇ် (၁၀၃) ခု ကဆုန်လပြည့်နေ့ဖြစ်တယ်။
(၄) ဂေါတမဘုရား ပရိနှိဗ္ဗာန်စံတဲ့ နေ့ဟာလဲ မဟာသက္ကရာဇ် ၁၄၈ ခု ကဆုန်လပြည့်နေ့ဖြစ်ပြန်တယ်။
ဒါကြောင့် ကဆုန်လပြည့်နေ့ဟာ ဗုဒ္ဓဘာသာဝင်တွေအတွက် အင်မတန် ထူးမြတ်တဲ့နေ့တစ်နေ့ပါ။
ကဆုန်လဟာ မြန်မာလ ၁၂ ရာသီမှာ ဒုတိယလဖြစ်ပြီး ဗြိဿရာသီနှင့်တူသည်။ ပုဂံခေတ်ကျောက်စာမှာ ကဆုန်လကို “ကုဆုန်” လို့အရေးများတယ်။ နောက်ပိုင်းမှာ “ကု” မှ “က”သို့ ပြောင်းလဲလာတယ်လို့ ဆိုတယ်။ (ကုက)ရဲ့ အဓိပ္ပါယ်ကတော့ “ရေ” ဖြစ်ကာ “ဆုန်” တော့ သွန်းလောင်းတယ်လို့ အဓိပ္ပါယ်ရှိလို့ ကဆုန်လကို “ရေသွန်းလ” (သို့မဟုတ်) “ရေလောင်းလ” လို့ ဆိုနိုင်ပါတယ
ပါဠိစာပေမှာ ကဆုန်လကို “ဝေသာခ” Vesaka လို့ခေါ်ပြီး အဲဒီ ဝေသာခ ကနေ ပါဌ်ပျက်ကာ “ဝေသခ်” Vesak ဖြစ်လာတယ်။ သီဟိုအသံထွက်ကတော့ ဝေဆတ်ခ် လို့ ထွက်ပြီး အနောက်နိုင်ငံသားများကလည်း သီဟိုသံကို အမှီပြုကာ ကဆုန်လပြည့်နေ့ကို ဝေဆတ်ခ်ဒေး Vesak Day လို့ ခေါ်ကြတယ်။ ထိုင်းဗုဒ္ဓဘာသာတွေကတော့ ကဆုန်လပြည့်နေ့ကို “ဝိဆာခပူချား” (ဝိသာခပူဇာ) လို့ခေါ်သတဲ့။
မြန်မာပြည်မှ ကဆုန်လပြည့် ဗုဒ္ဓနေ့ ညောင်ရေသွန်းပွဲတော်
ပြည်ထောင်စု မြန်မာနိုင်ငံတော်နဲ့ ကဆုန်လပြည့် ဗုဒ္ဓနေ့
ကဆုန်လပြည့်နေ့ဟာ ဗုဒ္ဓဘာသာဝင်တို့ရဲ့ အထွတ်အမြတ်နေ့ဖြစ်လို့ ပြည်ထောင်စု မြန်မာနိုင်ငံမှာ အစိုးရရုံးပိတ်ရက်အဖြစ် သတ်မှတ်ထားပါတယ်။ ကဆုန်ညောင်ရေသွန်းပွဲတော်အဖြစ် ထင်ရှားတဲ့ ဘာသာရေးပွဲကို ဆင်နွှဲတယ်။ ကဆုန်လရာသီဟာ နေအရှိန် အပြင်းအထန်ဆုံးဖြစ်လို့ ရေတွေ ခန်းချောက်လေ့ရှိတယ်။ ဘုရားပွင့်တော်မူတဲ့ ဗောဓိပင်ကို ရည်မှတ်ကာ ဗောဓိပင်အပွားတော်များကို တပျော်တပါး ရေစင်သွန်းလောင်းကြလို့ “ကဆုန်လ ညောင်ရေသွန်းပွဲ” လို့ ခေါ်လာကြတယ်။ ဗုဒ္ဓဘာသာဝင်များအတွက် ဗောဓိပင်ဟာ ဘုရားရှင်အား
ပရိဘောဂစေတီတော်ဖြစ်လို့ ဗောဓိပင်ကို ရေလောင်းပေးခြင်းဟာ ဗောဓိပင် ပိုမိုရှင်သန်စေဖို့ ဘုရားသာသနာတော် ဆက်လက် အဓွန့်ရှည်စေဖို့ ဖေါ်ညွှန်းပါတယ်။
ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့ဟာ ကဆုန်လပြည့်နေ့မှာ သံဃာတော်များအား အရုဏ်ဆွမ်း၊ နေ့ဆွမ်းလောင်းလှူခြင်း၊ သီလခံယူခြင်း၊ ပရိတ်တရားတော် တရားတော်များ နာကြားခြင်း၊ ဘာဝနာတရား ပွားများခြင်း စတာတွေ ပြုလုပ်ကြပါတယ်။ ဇိဝိတဒါန ငါးလွှတ်ပွဲ၊ ငှက်လွှတ်ပွဲ၊ တိရစ္ဆာန်ဘေးမဲ့လွှတ်ပွဲ တွေကိုလည်း တပျော်တပါး ကျင်းပကြတယ်။
ထိုင်းနိုင်ငံ ဇင်းမယ်မှာ ကျင်းပတဲ့ ကဆုန်လပြည့်ဗုဒ္ဓနေ့ (ဝိဆာခပူးချား)
ထိုင်းနိုင်ငံ ကဆုန်လပြည့် ဗုဒ္ဓနေ့
ထိုင်းနိုင်ငံဟာ ဗုဒ္ဓဘာသာနိုင်ငံတော်ဖြစ်လို့ ကဆုန်လပြည့်နေ့ကို ရုံးပိတ်ရက်အဖြစ် သတ်မှတ်ထားတယ်။ ဘုရင်အုပ်ချုပ်တဲ့ နိုင်ငံဖြစ်လို့ ဘုရင်နဲ့တကွ ဘုရင့်ဆွေတော်မျိုးတော် အပါအဝင် အရာရှိအရာခံများအားလုံး ကဆုန်လပြည့်နေ့ အခမ်းအနားဖြစ်တဲ့ “ဝိဆာခပူးချား” ကို တပြည်လုံး ပါဝင်ဆင်နွှဲကြတယ်။ ကဆုန်လပြည့်နေ့မှာ သာသနာ့အလံတော်များသည် ထိုင်းနိုင်ငံ တစ်ဝှမ်းလုံးမှာ တလူလူလွှင့်ထူကြတယ်။ (ထိုင်းနိုင်ငံသာသနာ့အလံဟာ မြန်မာနဲ့ သီရိလင်္ကာနိုင်ငံလို ရောင်ခြည်တော် ခြောက်သွယ် မဟုတ်ဘဲ အရဟတ္တဓဇ သင်္ကန်းရောင်ပေါ် တွင် ဓမ္မစကြာ စက်ဝိုင်းပုံ တပ်ထားခြင်းဖြစ်တယ်။)။
ထိုင်းနိုင်ငံ ကဆုန်လပြည့် ဗုဒ္ဓနေ့ ကျင်းပပုံ
==================
ကဆုန်လပြည့်နေ့မှာ ထိုင်းဗုဒ္ဓဘာသာဝင်းများဟာ နံနက်ပိုင်းမှာ သံဃာတော်များအား ဆွမ်းလောင်းလှူကြတယ်။ ဘုရားကျောင်းကန်များကို သန့်ရှင်းရေးများ ပြုလုပ်ကာ ကုသိုလ်ယူကြပြီး နေ့လည်ပိုင်းအချိန် ဘုန်းကြီးကျောင်း ဓမ္မသာလာဇရပ်မှာ တရားနာယူကြတယ်။ တချို့ကတော့ ဘာဝနာတရားများ ပွားများအားထုတ်ကြတယ်။ ညဦးပိုင်းမှာ စုပေါင်းပြီး လူတစ်ဦးလျင် ဖယောင်းတိုင် တစ်တိုင်၊ အမွှေးတိုင်သုံးတိုင် ထွန်းညှိကာ ပန်းတစ်ပွင့်နဲ့အတူ စေတီတော်အား လကျာ်ရစ် သုံးပတ်ပတ်ကာ ပူဇော်ကြတယ်။ စေတီတော်ကို လှည့်ပတ်စဉ် ဘုရားဂုဏ်တော် တရားဂုဏ်တော်နဲ့ သံဃာ့ဂုဏ်တော်များကို ရွတ်ဖတ်သရဇ္ဈာယ်ကြတယ်။ သံဃာတော်များထံ တရားနာယူကြတယ်။ ထိုင်းနိုင်ငံရဲ့ ထင်ရှားတဲ့ ကဆုန်လပြည့်ဗုဒ္ဓနေ့ ကျင်းပတဲ့ နေရာကတော့ နခွန်ပထုမ်ရှိ ဗုဒ္ဓမွန်းထွန်ဘုရားပဲ ဖြစ်တယ်။ အဲဒီနေရာမှာ ထိုင်းဘုရင်မင်းမြတ် (သို့မဟုတ်) ဆွေတော်မျိုးတော်များက ဗုဒ္ဓဘာသာဝင် လူထုကို ဦးဆောင်ပြီး “ဝိဆာခပူးချား” (ဝိသာခပူဇာ) ပွဲကို နှစ်စဉ်ကျင်းပတယ်။ ထင်ရှားတဲ့ ထိုင်းနိုင်ငံတက္ကသိုလ်တွေမှာလဲ ဝိဆာသပူချား အခမ်းအနားများ ကျင်းပကြတယ်။ အပြည်ပြည် ဆိုင်ရာ ဗုဒ္ဓဘာသာ အစည်းအဝေးများကိုလည်း ကျင်းပခဲ့ကြတယ်။
သီရိလင်္ကာနိုင်ငံ ဝေဆတ်ဒေး ကျင်းပပုံ
သီရိလင်္ကာနိုင်ငံ နှင့် ကဆုန်လပြည့် ဗုဒ္ဓနေ့
==========
သီရိလင်္ကာနိုင်ငံသားများကတော့ ကဆုန်လပြည့် ဗုဒ္ဓနေ့ကို “ဝေဆတ် = Vesak” လို့ခေါ်ကာ ရုံးပိတ်ရက်အဖြစ် သတ်မှတ်ထားတယ်။ ကဆုန်လပြည့်နေ့ဟာ အထူးခြားဆုံး နေ့အဖြစ် သတ်မှတ်ကာ ပွဲတော်ကို (၇) ရက်ခန့် ကျင်းပတယ်။ အစည်ကားဆုံးနေ့ကတော့ ကဆုန်လဆန်း (၁၄) ရက်၊ လပြည့်နေ့နဲ့ လပြည့်ကျော် တစ်ရက်နေ့ပါ။ ဗုဒ္ဓဘာသာဝင်အိမ်တိုင်း သာသနာ့ အလံတော်ကို လွှင့်ထူထားကြတယ်။ ထင်ရှားတဲ့ စေတီတော်၊ ကျောင်းတော်နဲ့ လမ်းဆုံ လမ်းခွတွေမှာ မီးစင်မြင့်ကြီး ဆောက်လုပ်ကာ ဘုရားရှင်ရဲ့ ဆေးရေး ပန်းချီပုံတော် ပတ်ပတ်လည်နဲ့ ဇာတကဆေးပန်ချီပုံတော်တွေကို လျှပ်စစ်မီးများ အလှဆင်ကာ မိုးလင်းပေါက် ထွန်းညှိပူဇော်ကြတယ်။ အဆိုအကပွဲများ မရှိပေမယ့် အလွန်စည်ကားတယ်။ ရောင်စုံမီးပုံး အလှပြိုင်ပွဲများ ကျင်းပတဲ့ နေရာမှာဆိုရင် ပွဲလာပရိသတ်များ ကြိတ်ကြိတ်တိုး စည်ကားလှတယ်။
သီရိလင်္ကာနိုင်ငံ ကဆုန်လပြည့်နေ့ လမ်းဆုံလမ်းခွမှ ဗုဒ္ဓဝင်ပန်းချီကား
အနယ်နယ်အရပ်ရပ်မှ ဗုဒ္ဓဘာသာဝင်များ (အထူးသဖြင့် ရွာသူရွာသားများ)ဟာ ကိုလံဘိုမြို့ (သို့မဟုတ်) မြို့ကြီးများမှ မိးထွန်းပွဲကို လာရောက်ကြည့်ရှုကြတယ်။ မော်တော်ကား၊ ဆိုင်ကယ်၊ စက်ဘီးစီးပြီး လည်ပတ် ကြတဲ့သူတွေ၊ လမ်းလျှောက်လည်ပတ်ကြတဲ့ သူတွေ တစ်ညလုံး စည်ကားတာ တွေ့ရတယ်။ ရွာကနေ လာကြတဲ့ လမ်းလျှောက်တဲ့သူတွေဟာ များသောအားဖြင့် ဖိနပ်မစီးကြပေ။
အချို့သော စေတနာရှင်များက မိမိအိမ်ရှေ့မှာ ရေအေး၊ အချိုရေများနဲ့လည်းကောင်း၊ အချို့ကတော့ မဏ္ဍာပ်ဆောက်ပြိး ထမင်း၊ ဟင်းများ စတုဒိသာအလှူများ ပြုလုပ်ပြီး ကုသိုလ်ယူကြတယ်။ အချို့အိမ်မှာ စပီကာ အကြီးကြီးနဲ့ ဗုဒ္ဓဝင်သီချင်းတွေ ဖွင့်၊ တချို့ကတော့ သီဟိုရိုးရာဗုံတီးကာ ကခုန် ပျော်မြူးနေကြတာကိုတွေ့ရတယ်။ ပွဲတော်ကာလအတွင်း ယာဉ်ကြောပိတ်ဆို့မှုတွေ များစွာ ဖြစ်ပေါ်တယ်။ ထင်ရှားတဲ့ လမ်းဆုံ လမ်းခွနဲ့ သမိုင်းဝင် ကလျာဏီယ ကျောင်းတော်ကြီး၊ ကာရုတ္တရစေတီတော်ကြီး၊ ကန္တီမြို့ စွယ်တော်ကျောင်းတို့ကတော့ အလွန် စည်ကားတာ တွေ့ရတယ်။
သီရိလင်္ကာဗုဒ္ဓဘာသာဝင်များဟာ ဗောဓိညောင်ပင်ကို ပရိဘောဂစေတီအဖြစ် လွန်စွာ ကြည်ညိုကြတယ်။ နေ့စဉ် နေ့တိုင်း ဗောဓိပင်ကို ရေလောင်းပူဇော်ကြတယ်။ ဘုန်းကြီးကျောင်းတိုင်းမှာ ဗောဓိပင်ရှိရတယ်။ ကဆုန်လပြည့် ဗုဒ္ဓနေ့ မနက်ပိုင်းမှာ သီရိလင်္ကာ ဗုဒ္ဓဘာသာဝင် ကလေးလူကြီးများဟာ ဝတ်စင်ဖြူဝတ်ပြီး ဘုန်းကြီးကျောင်းကို သွားကြတယ်။ တံမြက်စည်းလှည်းခြင်း၊ ဗောဓိပင်အား ပူဇော်ခြင်း၊ သီလခံယူခြင်း၊ ပရိတ်ရွတ်ခြင်း၊ ဘာဝနာပွားခြင်းများ ပြုလုပ်ကြတယ်။ (သီရိလင်္ကာဗုဒ္ဓဘာသာဝင် ကလေးလူငယ်တွေ ပရိတ်ကြီး ၁၁ သုတ်ကို ရကြတယ်။)
ကဆုန်လပြည့် အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာ ကွန်ဖရင့် ထိုင်းနိုင်ငံ
ကဆုန်လပြည့်နေ့ကို အပြည်ပြည်ဆိုင်ရာ ရုံးပိတ်ရက် အဖြစ် သတ်မှတ်ခြင်း
ကဆုန်လပြည့်နေ့ဟာ ဗုဒ္ဓဘာသာဝင်တို့ရဲ့ အထွတ်အမြတ်နေ့ဖြစ်တယ်။ ဒါကြောင့် ၁၉၉၈ ခု၊ နိုဝင်ဘာလ ၅ ရက်မှ ၁၄ ရက်အထိ သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့တော်မှာ ကျင်းပခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာ ကွန်ဖရင့်မှာ ကဆုန်လပြည့်နေ့ကို ကမ္ဘာ့ရုံးပိတ်ရက် အဖြစ် သတ်မှတ်နိုင်ရန်အတွက် ညှိနှိုင်းဆွေးနွေး ခဲ့ကြတယ်။ အဲဒီအစည်းအဝေးကနေ ၁၉၉၉ ခု စက်တင်ဘာလမှ သီရိလင်္ကာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး လက်ရှမန်းကတိဂမ် ဟာ အဲဒီအဆိုကို ကုလသမဂ္ဂသို့ တင်သွင်းခဲ့တယ်။
၅၄ ကြိမ်မြှောက် ကုသလသမဂ္ဂ အထွေထွေညီလာခံမှာ အဲဒီအဆိုကို မြန်မာနိုင်ငံ အပါအဝင် အာရှတိုက်ရှိ ဗုဒ္ဓဘာသာနိုင်ငံများ တောင်အာရှအဖွဲ့ဝင်နိုင်ငံများ၊ ရုရှားနိုင်ငံ၊ အမေရိကန်ပြည်ထောင်စုနဲ့ အခြားနိုင်ငံများ စုစုပေါင်း ၃၄ နိုင်ငံက ထောက်ခံကြတယ်။ ဒါကြောင့် ၁၉၉၉ ဒီဇင်ဘာ ၁၃ ရက် အစည်းအဝေးဆုံးဖြတ်ချက် အမှတ် ၁၇၄ နဲ့ ကမ္ဘာ့ကုလသမဂ္ဂမှ “ကဆုန်လပြည့် ဗုဒ္ဓနေ့” ကို အပြည်ပြည်ဆိုင်ရာ ရုံးပိတ်ရက် Vesak Universal Holiday အဖြစ် သတ်မှတ်ပေးခဲ့တယ်။
ကမ္ဘာ့ကုလသမဂ္ဂဆုံးဖြတ်ချက်ကတော့
“ဂေါတမဗုဒ္ဓဘုရားရှင်ရဲ့ သာသနာတော်သည် ကမ္ဘာပေါ်မှာ သက်တမ်းရှည်ကြာတဲ့ ဘာသာတစ်ခုဖြစ်တဲ့ အပြင် ဘုရားရှင်ရဲ့ အဆုံးအမတော်ဟာ နှစ်ပေါင်း ၂၅၀၀ ကျော်ကာလတိုင်အောင် လူသားတို့အပေါ် ကာယသုခ၊ စိတ္တသုခနဲ့ ငြိမ်းချမ်းရေးကို ဆောင်ရွက်ပေးခဲ့ပြီး နောင်အနာဂတ်မှာလည်း ကမ္ဘာ့လူသားတို့အပေါ် ကောင်းကျိုးများ ဆက်လက် သက်ရောက်နေမည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ ကုသလမဂ္ဂဗဟိုဌာနချုပ်နဲ့ ကမ္ဘာပေါ်ရှိ ကုလသမဂ္ဂဌာနအသီးသီးတို့မှ ကဆုန်လပြည့် ဗုဒ္ဓနေ့ (ဝေဆတ်ဒေး)ကို အပြည်ပြည်ဆိုင်ရာ ရု့ံးပိတ်ရက်အဖြစ် သတ်မှတ်ရမည်။ ဤဆုံးဖြတ်ချက်အရ ဝေဆတ်ဒေး ကျင်းပရာတွင် ကုလသမဂ္ဂရံပုံငွေကို သုံးစွဲခွင့်မရှိ။ နှစ်စဉ်နှစ်တိုင်း ကဆုန်လပြည့်နေ့သည် မည်သည့်လ (အင်္ဂလိပ်လ)တွင် ကျရောက်မည်ကို ကုလသမဂ္ဂ ဌာနချုပ်နှင့် အခြားသော ကုလသမဂ္ဂဌာနတို့က တိုင်ပင်ညှိနှိုင်းကာ ဆုံးဖြတ်သွားရမည်” လို့ ဆုံးဖြတ်ခဲ့ပါတယ်။
ထူးခြားလှတဲ့ ဗုဒ္ဓဘာသာဝင်တို့ရဲ့ ကဆုန်လပြည့်နေ့ကို ကမ္ဘာ့ကုလသမဂ္ဂက အပြည်ပြည်ဆိုင်ရာ ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးခဲ့လေပြီ။
ကဆုန်လပြည့်နေ့ဟာ ဘုရားရှင် အဆူဆူ ပွင့်တော်မူတဲ့နေ့လည်းဖြစ်တယ်။ လောကမှာ ဘုရားရှင် ပွင့်ထွန်းပေါ်ပေါက်လာခြင်းဟာ လောကကောင်းကျိုးအတွက်ပဲဖြစ်တယ်။ ဘုရားရှင်ရဲ့အဆုံးအမတော်ဟာ လောကသားတိုင်းအတွက် ဖြစ်တယ်။
လောကသားတို့ဟာ ဘုရားရှင်ရဲ့ အဆုံးအမအတိုင်း လိုက်နာ ကျင့်သုံးပါက ကာယသုခ စိတ္တသုခနဲ့ ပြည့်စုံကြပြီး ငြိမ်းချမ်းရေးအစစ် ဖြစ်တဲ့ သန္တိသုခ နိဗ္ဗာန်ကို မလွှဲဧကန် ရောက်ရပေမည်။
ဘုရားရှင် အဆုံးအမဖြစ်တဲ့
“မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ စိတ်ကိုဖြူအောင်ထား”
“ဗုဒ္ဓတိုင်းသာ၊ မိန့်ခဲ့တာ၊ သုံးဖြာဤစကား” အတိုင်း လိုက်နာကျင့်သုံးနိုင်ကြပြီး ငြိမ်းချမ်းရေး အစစ်ဖြစ်တဲ့ သန္တိသုခကို ရရှိနိုင်ကြပါစေ ...
0 Comments