"အဘိဓမ္မာ အခါတော်နေ့ သီတင်းကျွတ် လပြည့် "
မြန်မာတို့က သီတင်းကျွတ်လကို   ''တူရာသီ''ဟုခေါ်ကြသည်။ ပုဂံခေတ်က ရေးထိုး ခဲ့သော ကျောက်စာများ၌မူ သီတင်းကျွတ်လကို ''သန်တူလ'' ဟူ၍ ရေးထိုးခဲ့ကြ သည်။ ရှေးဟောင်း ဆေးကျမ်း၊ ဗေဒင်ကျမ်းများ၌  လည်း ''သန်တူလ'' ဟူ၍ပင် ရေးသားထားခဲ့ ကြလေသည်။

ဆရာကြီး ဦးဖိုးလတ်၏  ''မြန်မာလအမည်များ''  ကျမ်းတွင် ရှေးခေတ် ကျောက်စာများ၌ မူရင်း လယ်၊ သန်လယ်၊ မုရင်းမည်မျှဟူ၍ ရေးထိုး ထားသည့်အတွက် ''သန်ပုဒ်'' သည် ကောက်စပါး ဟူ၍ အဓိပ္ပာယ် ရသည်ဟု ဆိုသည်။ 

''တူပုဒ်သည်'' ထောင်သည်၊ မတ်သည်၊ စိုက်သည် ဟူသော အဓိပ္ပာယ်ဖြစ်သည်။ မြန်မာတို့နှင့် အနွယ်တူ ဖြစ်သော မုဆိုးဘာသာ၊ လီစူးဘာသာ၊  တရုတ်ဘာသာ တို့တွင်လည်း ''တူသည်'' တက်၊ ထွက်၊ ထ၊ ထောင်၊ ပေါက်ဖြစ်သည်။ 

ထို့ကြောင့် ''သန်တူလ''ဆိုသည်မှာ ကောက်ပင်၊ စပါးပင်များ ပေါက်ရောက် ထောင်မတ်သော လဖြစ်သည်ဟု ဆိုနိုင်သည်။ မြန်မာတို့က စပါးကောက်နှံဟူ၍ ဆိုကြသကဲ့သို့ စပါးကောက် သန်ဟန် ဟူ၍လည်း ဆိုကြသည်။

သီတင်းကျွတ်လတွင် စန်းပြည့်နက္ခတ် အဿဝဏီ ထွန်းလင်း တောက်ပသည်။ ၎င်းနှင့် စန်းယှဉ် သောတာရာမှာ  ကျီးတာရာဖြစ်၏။  ရာသီရုပ်မှာချိန်ခွင်ကိုင် ကုန်သည်ရုပ်ဖြစ်သည်။ ရာသီပန်းမှာ ကြာမျိုးငါးမည်ဖြစ်၍ ပွဲတော်မှာ ဆီမီးထွန်း ပွဲတော် ဖြစ်လေသည်။ 

သီတင်းကျွတ်လ သည် ရှေးဘုရင်မင်းများ လက်ထက်တော်က မြန်မာနာရီအားဖြင့် ဆိုလျှင် နေ့ ၃ဝ၊ ည နာရီ ၃ဝ ဖြစ်သည်။ ရှေးမြန်မာစံတော်ချိန် သတ်မှတ်ချက်အရ နေမွန်းတည့်၌ သုံးဖဝါးရှိသော လလည်းဖြစ်ပေသည်။ နေ့တာနှင့် ညတာက အရှည်တူ၍ မျှတသော လဖြစ်ပေသည်။ 

အပူအအေး မပြင်းထန်သော လဖြစ်သဖြင့် နေလို့ထိုင်လို့ ကောင်းသည်။ ထိုလ၌ ဆီမီးထွန်းပွဲတော်ကို ကျင်းပလေ့ ရှိရာ ထိုပွဲကို မီးမြင့်မိုရ်ပွဲ၊  တာဝတိံသာပွဲဟုလည်း ခေါ်ကြသည်။ မြတ်စွာဘုရားရှင် တာဝတိံသာနတ်ပြည်မှ လူ့ပြည်သို့ ပြန်လည် ဆင်းသက် လာရာ၌ ဆီမီးများ ထွန်းညှိ ကြိုဆိုကြသည်ကို ရည်စူး၍ နှစ်စဉ် ကျင်းပခဲ့ကြခြင်း ဖြစ်သည်။

သီတင်းကျွတ် မီးထွန်းပွဲတော် ဖြစ်ပေါ်လာပုံမှာ ဂေါတမမြတ်စွာဘုရား အလောင်းတော်သည် ဘုရား ဆုပန်ခဲ့သည်မှာ လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း တိုင်အောင်ပင်  ပါရမီတော်များကို ဖြည့်ဆည်းခဲ့ရာ သိဒ္ဓိတ္ထဘဝသည် နောက်ဆုံးဘဝ ဖြစ်ခဲ့သည်။

 လူ့ဘဝကို ငြီးငွေ့စေသည့် ''အို၊ နာ၊ သေ၊ ရဟန်း'' စသည့် နိမိတ်ကြီး လေးပါးကို မြင်ခဲ့ပြီးနောက် မိဂဒါဝုန်တောသို့ တောထွက်ခဲ့သည်။  ဆံပင်ကို စွန့်ပယ်ကာ  ရဟန်းပြု၍ ပဉ္စဝဂ္ဂီငါးဦးတို့၏ အလုပ်အကျွေး ပြုမှု ကို ခံယူကာ ဒုက္ကရစရိယာ ခြောက်နှစ်တိုင်တိုင် ကျင့်ခဲ့သော်လည်း  ဘုရားအဖြစ်သို့ ရောက်ရှိတော် မမူခဲ့ပါ။ 

ပဉ္စသိင်္ခနတ်သားက   သူ၏ ဗေဠုဝ စောင်းတော်ကြီးမှ စောင်းကြိုးကို တင်း၍ တစ်မျိုး၊ လျှော့၍တစ်ဖုံ တီးခတ်သတိပေးခဲ့ရာ ဘုရားအလောင်းမှာ သတိဝင်၍ ဒုက္ကရစရိယာ အကျင့်ကို စွန့်တော် မူခဲ့သည်။  ဗြဟ္မာကို ရည်စူး၍  ညောင်ပင်၌ကပ်လှူခဲ့သော

ဃာန၏ နို့ဆွမ်းကို သုံးဆောင်ပြီး မလျော့မတင်းသော မဇ္ဈိမပဋိပဒါအကျင့်ကို ကျင့်တော်မူ ခဲ့သောကြောင့် ပဉ္စဝဂ္ဂီငါးဦးတို့က ဘုရားအလောင်းတော်ကို ဖယ်ကြဉ်၍ ထွက်ခွာ သွားခဲ့ ကြသည်။ 

နောက်ဆုံး မိဂဒါဝုန တောထဲ၌ တစ်ပါးတည်း ကျန်ရစ်ခဲ့ကာ မာရ်နတ်၏ ရန်ကို အောင်မြင်တော်မူ၍  ပုဗ္ဗေနိဝါသဥာဏ်၊ ဒိဗ္ဗစက္ခုဥာဏ်၊ အာသွက္ခရဥာဏ်တော်တို့ကို ရရှိ တော်မူကာ လောကသုံးပါး၌ ဘုရားစင်စစ် ဧကန်ဖြစ်တော်မူခဲ့လေသည်။

ဘုရားအဖြစ်သို့ ရောက်ရှိတော် မူခဲ့ပြီးနောက် ပဉ္စဝဂ္ဂီငါးဦးတို့ ရှိရာ ဥရုဝေလ တောအုပ်သို့ ကြွချီတော် မူပြီးနောက် တရားဦး ဓမ္မစကြာကို ခုနစ်ရက်တိုင်တိုင် ဟောကြားတော် မူခဲ့သည်။ ထို့နောက် မဟာသက္ကရာဇ် ၁ဝ၉  ခုနှစ် ဝါဆိုလပြည့် ညနေပိုင်းတွင် တာဝတိံ သာနတ်ပြည်သို့ မယ်တော် မိနတ်သားအား တရားဟောရန် ကြွချီတော် မူခဲ့လေသည်။ 

တရားဟော ရခြင်းမှာ  မယ်တော် ဖြစ်ခဲ့ဖူးသူ သန္တုသိနတ်သားကို မွေးကျေးဇူးဆပ်ရန် ဖြစ်လေသည်။ တာဝတိံသာ နတ်ပြည်၌ မယ်တော်မိနတ်သား အပါအဝင် နတ်၊ ဗြဟ္မာ အပေါင်းတို့ကို တစ်နေ့နှင့် တစ်ရက် (လူ့သက်တမ်း၌ ဝါတွင်းသုံးလပတ်လုံး) အဘိဓမ္မာ တရားတော်ကို နေ့ညမစဲ တရား ဟောတော်မူရာ သီတင်းကျွတ် လပြည့်နေ့၌ တရားစခန်း သိမ်းလေသည်။ 
ထို့ကြောင့် နတ်ပြည်မှ လူ့ပြည်ဖြစ်သော သင်္ကဿနဂိုရ်မြို့သို့ ပြန်လည်ဆင်းသက် ကြွချီတော်မူရာ လူ့ပြည်မှ မင်းနှင့်တကွ ပရိသတ် အပေါင်းတုိ့က မြတ်စွာဘုရားရှင်ကို ဆီမီးနံ့သာများဖြင့် ထွန်းညှိ ပူဇော် ကြိုဆိုခဲ့ကြသည့် အစဉ်အလာကို နှစ်စဉ်နှစ်တိုင်း မြတ်စွာဘုရားရှင်ကို ရည်စူး၍ ကျင်းပလာခဲ့သည်မှာ ယနေ့တိုင်ပင် ဖြစ်လေသည်။

မြတ်စွာ ဘုရားရှင်  လူ့ပြည်သို့  ဆင်းသက်တော်မူရန်  သိကြားမင်းက စောင်းတန်းကြီး သုံးသွယ်ကို ဖန်ဆင်း ပေးခဲ့သည်။ ရွှေစောင်းတန်းတွင် နတ်များကလည်းကောင်း၊ ငွေစောင်း တန်းတွင် ဗြဟ္မာကြီးများက လည်းကောင်း လိုက်ပါ လာကြ၍ ဂေါတမ ဘုရားရှင်က ပတ္တမြား စောင်းတန်းမှ ကြွချီတော်မူသည်။ 

သိကြားမင်းသည် ဘုရားရှင်ကို ရွှေထီးမိုး၍ လည်းကောင်း၊ ပဉ္စသိင်္ခနတ်သားက သုံးဂါဝုတ် မျှကြီးသော ဗေဠုဝနတ်စောင်းကြီးကို တီး၍ လည်းကောင်း၊ မာတလိနတ်သားက ပန်းမန်နံ့သာ အမွှေးအကြိုင်တို့ဖြင့် ဘုရားရှင်ကို ပူဇော်၍လည်းကောင်း၊ သုယာမ နတ်မင်းက စာမရီသားမြီးယပ်တို့ဖြင့် ဘုရားရှင်ကို ယပ်ခပ် ပူဇော်၍လည်းကောင်း၊  သန္တုသိတနတ်မင်းက ပတ္တမြားယပ်ဝန်းကို ခပ်၍လည်းကောင်း၊ သိကြားမင်းက   ကဝိဇယုတ္တရ ခရုသင်းကို မှုတ်၍ လည်းကောင်း၊ ဂန္ဓဗ္ဗနတ်များက သီဆိုကခုန်လျက် လည်းကောင်း ဆင်းသက် လိုက်ပါ လာကြပုံကို ပုဂံခေတ် မြင်းကပါရပ် ဂူပြောက်ကြီး ဘုရား နံရံဆေး ပန်းချီ ကား၌ ရေးဆွဲထားသည်ကို လေ့လာ တွေ့ရှိနိုင်သည်။

ထို့ပြင် အင်ဂုံရွာစားဝန်ကြီး သီရိဥဇနာ၏ ကုန်းဘောင်ခေတ်ဦး လောကဗျူဟာကျမ်းတွင် သီတင်းကျွတ် လဆန်း ၁၄ ရက် လပြည့်ကျော် ၁ ရက်နေ့အခါ သုံးရက်တွင် မြို့တွင်း ရွှေစည်း ခုံ၊ ကူတော်သစ်၊ မာန်အောင်ရတနာ၊  ရွှေရင်ရဲ၊ ရန်အောင်မြင်၊ မဟာမုနိ၊  တံတားဦး မင်္ဂလာ စေတီတော်၊ ပန်းယ ရွှေစည်းခုံ၊  တူရွင်းခြေဘုရား၊  စစ်ကိုင်းချမ်းသာကြီး၊ ရှင်ဖြူရှင်လှ၊ ပုည စေတီ၊ ပတ္တမြားစေတီ၊ ရာဇမဏီ စူဠဘုရားများကို ဘုရားတစ်ဆူလျှင် ဆီမီး ခွက် ထွန်း ပြာသာဒ်မီးခွက် ၁ဝဝ၊ မီးစာစုံနှင့် ဆီသုံးပိဿာမီးထွန်းကြပ်၊  သွေးသောက်စုမြင်းတော်သည် ရွှေပန်းပန်နှစ်ယောက်စီခန့်၍ သုံးရက် မီးပူဇော်ရသည်ဟူ၍ ရေးသားခဲ့သည်ကို ထောက်ရှု ခြင်းဖြင့် ဘုရားစေတီတော်တို့တွင် ဆီမီးခွက်ထွန်းပြာသာဒ်များ၊ မီးစာ၊ မီးစာဆီများကို ထွန်းညှိ ပူဇော်ရန် မီးထွန်းသူ မင်းလုလင်များကို ခန့်ထားပေး၍ သုံးရက် တိုင်တိုင် (လမပြည့်မီ၊ လပြည့် နှင့် လပြည့်ကျော်တစ်ရက်) မီးပူဇော်ခဲ့ကြောင်း သိနိုင်ပေသည်။

သီတင်းကျွတ် လပြည့်နေ့တွင် သာသနာ့ ဝန်ထမ်း ရဟန်းတော်များက ပဝါရဏာ ပွဲတော် ကျင်းပလေ့ ရှိသည်။ သိက္ခာတော် ဝါတော် အကြီးဆုံးဖြစ်သော  မထေရ်ကြီးက လက်ဝဲဘက် ပခုံးပေါ်တွင် ကေသီ သင်္ကန်းကိုတင်လျက် ဆောင့်ကြောင့် ထိုင်ပြီးလျှင် ''ငါ့ရှင်တို့ တပည့် တော်သည်  သံဃာကို ပင့်ဖိတ်ပါ၏။ 

တပည့်တော်၏ အဖြစ်ကိုမြင်လျှင်သော်လည်းကောင်း၊ ကြားလျှင် သော်လည်းကောင်း၊ သံသယရှိလျှင် သော်လည်းကောင်း၊ တပည့်တော် အားသနား သဖြင့် ပြော၍ဆို၍ သတိပေးပါ၊ အပြစ်ကိုရှာ၍ ကုစားပါမည်'' ဟု သုံးကြိမ်တိုင်တိုင် သံဃာ များကို ဖိတ်ကြား တိုက်တွန်း၍ ကျန်သံဃာတော်တို့က သာဓုသုံးကြိမ် ခေါ်ကြရသည်။  

ထိုပဝါရဏာနည်းတူ လူတို့မှာလည်း မိမိတို့ထက်ကြီးမြင့်သော သက်ကြီးရွယ်အိုများ၊ မိဘ ဘိုးဘွားများကို အပြစ်မှ ခွင့်လွှတ်စေကြောင်း ဝန်ချ၍ ကန်တော့ကြသည်မှာ မြန်မာ့ယဉ်ကျေးမှု

အစဉ်အလာ သီတင်းကျွတ်ပွဲတော်၏ အနှစ်သာရပင်ဖြစ်လေသည်။ တတ်နိုင်သူတို့ကလည်း နိဗ္ဗာန်စျေးများ ဖွင့်လှစ်ကာ လာလာသမျှသော လူတို့ကို အယုတ်၊ အလတ်၊ အမြတ်မရွေး စတုဒိသာ ကျွေးမွေးပွဲများ ပြုလုပ် ကျွေးမွေး လှူဒါန်း ကြလေသည်။

သီတင်းကျွတ် လပြည့်သည် မြန်မာတို့အတွက် ဘာသာရေး အနှစ်သာရ ပြည့်ထွန်း နေသည့် လဖြစ်သည့် အပြင် ရဟန်းတော် များအဖို့ ဝါလကင်းလွတ်သည့်လ ဖြစ်သောကြောင့် ဝါပန်စရာ မလိုဘဲ ခရီးသွားလာခွင့် ရကြလေသည်။  စိုစွတ်သောရာသီမှ လွတ်ကင်းသော ကြောင့် ကုန်သည် လယ်လုပ် ပြည်သူပြည်သားများ အဖို့မှာလည်း ရောင်းဝယ် ဖောက်ကား သွားရေး လာရေး အဆင်ပြေသောလလည်းဖြစ်သည်။

ရှေးစာဆိုတို့ကလည်း မြန်မာစာပေ လင်္ကာများဖြင့် သီတင်းကျွတ်လကို ဖွဲ့ဆိုခဲ့ကြရာ အမည်မသိ ရှေးစာဆိုတော် တစ်ဦးက  မီးဖြူမီးဝါ ထိန်လင်းလို့ သီတင်းကျွတ် ချိန်ခါ၊  ဓာတ်ဝါ ရောမငြိမ်တယ်၊  ထူအိမ်ငယ်မယွင်း၊ စိတြသဝဏီ၊ နေ့ညဉ့်မီးထွန်းလျှံလို့လင်း၊ ကျီးတာရာ အနင်းမို့၊ အိုင်အင်းမှာ တွေတွေ၊ ကြာငါးမျိုးဝတ် ဆံကြွေသည်။ 

ရေနဒီမောက်ဖြိုး၊ မြတ်ဗုဒ္ဓ စွယ်တော်ကို ရှိကော်ရော်ဦးချလို့မိုး...  မီးထွန်းပွဲ ကျင်းပသော သီတင်းကျွတ်လ၌ လေမငြိမ် သကဲ့သို့ ရေများ လည်းဖြိုးမောက် နေတတ်သေးကြောင်း ရေးဖွဲ့ခဲ့သည်။  ကင်းဝန်မင်းကြီး၏ တစ်ဆယ့်နှစ်လရာသီ သံပေါက်တွင်မူ ''သီတင်းကျွတ်ပြီ၊ တူရာသီ အဿဝဏီရှိန်ဝါ ရွန်း ကြာမျိုးလည်းစို၊ မီးမြင်းမိုရ်၊ ဗဟိုအခြားထွန်း'' ဟူ၍ရေးဖွဲ့ခဲ့သည်။

ဘိုးသူတော်ဦးမင်း၏ ''ဆယ့်နှစ်ရာသီဖွဲ့သဖြန်၌ ကြာငါးမည် ကြိုင်သင်းလို့ လျှံဝင်းတဲ့ ပြောင်ထိန်၊ ရွှေနန်းတောင်တော်ဦးမှာလ၊  ကွန့်မြူးမြင်းမိုရ်မီး၊ညီးတဲ့ခါ ချိန်၊ ရှိခိုးငယ်နှိမ်၊ သုံးကြိမ်ရိုပျောင်း၊ သကစ္စဂါရဝနှင့် စဉ်အလာပူဇော်ပွဲကို ခဲကြပေတောင်း''ဟု စပ်ဆိုခဲ့လေသည်။

မြန်မာတို့သည် ၁၂ လရာသီပွဲများကို ဘာသာရေး၊ လူမှုရေး၊ ရိုးရာဓလေ့စသည့် ရှုထောင့် အမျိုးမျိုးဖြင့် ကျင်းပ လာခဲ့ကြရာ ပျော်ပွဲရွှင်ပွဲများ၊ ဇာတ်ပွဲ၊ ရုပ်သေးကြည့်ချင်ပွဲများ၊ အလှူ အတန်းများ၊ စတုဒိသာ ကျွေးမွေးပွဲများဖြင့် စိတ်အေးချမ်းသာစွာ ကျင်းပလာနိုင်ခဲ့ကြသည်။

 ယခုအခါ မြန်မာလူမျိုးတို့သည် တိုင်းတစ်ပါးယဉ်ကျေးမှုများကို အတုခိုး မှားလာကြသဖြင့် သက္ကစ္စဂါရ ဝတရားများ၌ ယုတ်လျော့လာကြတာ မလုံ့တလုံ ဝတ်စားခြင်း၊ မူးယစ် သောက်စား ခြင်း၊ နှုတ်မှုရေးရာ ပေါ့သွမ်းခြင်း၊ မောင်နှင့်နှမ၊ သားနှင့်အမိ မမြင်ဝံ့သောအပြုအမူများကို ရဟန်းသံဃာနှင့် သက်ကြီးသူတို့၏ ရှေ့၌မရှောင်၊ အနေအထိုင် အထိန်းအကွပ် မရှိခြင်း တို့မှာ ဘာသာရေး အနှစ်သာရနှင့် လုံးလုံးလျားလျားကြီး ဖီလာဆန့်ကျင်နေသောကြောင့် မြန်မာပီပီ ရိုးရာယဉ်ကျေးမှုကို မြတ်နိုးစွာဖြင့် အဘိဓမ္မာ အခါတော်နေ့ ဖြစ်သော သီတင်းကျွတ် ပွဲတော် ကြီးကို ဘာသာရေး အနှစ်သာရ ပြည့်ဝစွာဖြင့် ''ပျော်ပျော်ရွှင်ရွှင် ပါဝင် ဆင်နွှဲကြပါစို့''ဟု ရေး သားလိုက် ရပေတော့သတည်း။  

#Credit....မူရင်း #အမည်မသိ