=====*=========

သေခြင်းလေးမျိုးနဲ့ တစ်မျိုးမျိုးကြောင့် သတ္တဝါ တွေ သေကြရပြီး သေခါနီးမှာ


-ကံ

-ကမ္မ နိမိတ်

-ဂတိနိမိတ် 


အာရုံတစ်ပါးပါးဟာ ကိုယ်ပြုလုပ်ခဲ့ဖူးတဲ့ ကုသိုလ်၊အကုသိုလ်ကံ အစွမ်းကြောင့် ဒွါရ ၆-ပါးအနက် တစ်ပါးပါးမှာ ထိုက်သလိုထင်တာလေ့ရှိတယ် အဲဒါကို မရဏာသန္နနိမိတ်လို့ခေါ်တယ် အဲဒီ နိမိတ်ထင်လာခြင်းဟာ ဘဝသစ်မှာ ပဋိသန္ဓေ အကျိုးကို ပေးမဲ့ ကုသိုလ်၊အကုသိုလ်ကံ တစ်ပါးပါးက ရှေ့ရှုထွက်ပေါ်လာခြင်းဘဲ


ကံအာရုံဆိုတာ မကြာမီ ဘဝသစ်မှာ ပဋိသန္ဓေ အကျိုးပေးမဲ့ ရှေးကကိုယ်ပြုလုပ်ခဲ့တဲ့ ကုသိုလ် or အကုသိုလ်  ဇနကကံက စိတ်(မနောဒွါရ)မှာ လာထင်တဲ့ အာရုံကို ပြောတာ သတ္တဝါ တွေမှာ ကံအများကြီးရှိရာထဲက သေခါနီးမှာ နောက်ဘဝသစ်ဖြစ်ဖို့ ပဋိသန္ဓေ အကျိုးပေးဖို့ အခွင့်သာတဲ့ ကုသိုလ်ကံ သို့မဟုတ် အကုသိုလ်ကံ တွေထဲက တစ်ပါးပါးက ထွက်ပေါ်လာပြီး ရှေးဘဝပေါင်းများစွာက ကံဖြစ်ရင်တောင် အခုပြုလုပ်နေသလို ပြန်ပေါ်လာတာ 


ကမ္မ နိမိတ် အာရုံဆိုတာ ကုသိုလ်(သို့)အကုသိုလ်ကံ ပြုလုပ်တုန်းက တွေ့ကြုံခဲ့ရတဲ့ အတွေ့အကြုံအာရုံကိုပြောတာ ဥပမာ-ကုသိုလ် ကမ္မ နိမိတ်ဆိုရင် ဆွမ်း, သင်္ကန်း,ဘုရားပန်း,ဘုရားကျောင်းကန်တွေ ထင်လာမြင်ယောင်လာတာမျိုး၊ 

အကုသိုလ် ကမ္မ နိမိတ်ဆိုရင် သား,ငါး တို့ကို သတ်ဖြတ်နေပုံတွေ ( လက်နက်,ဓါး, လှံ, ပိုက်ကွန်)စတာတွေ ထင်လာ မြင်ယောင်တာမျိုး


ဂတိနိမိတ်အာရုံဆိုတာက သတ္တဝါတွေ သေခါနီးမှာ ဘဝသစ်ဖြစ်ပေါ်ရတော့မဲ့ ဒေဝဂတိ=နတ်,ဗြဟ္မာ၊ မနုဿ ဂတိ=လူ၊ ပေတဂတိ=ပြိတ္တာ၊ နိရယဂတိ=ငရဲသား၊တိရစ္ဆာနဂတိ=တိရစ္ဆာန်ဘုံဘဝတွေ မှာ တွေ့ကြုံရမဲ့ အာရုံတွေထင်လာမြင်ယောင်တာကိုပြောတာ


ဘုရား၊ရဟန္တာမှ လွဲပြီး သတ္တ ဝါတွေ သေရင် ဒီနိမိတ် ၃-ပါးထဲက တစ်ပါးပါး ထင်ပြီးမှ သေရတာတဲ့ အရိယာတွေမှာကျ နောက်ဘဝမရှိတော့လို့ ဒီနိမိတ်တွေ မထင်ဘူး ဆင်ခြင်နေကျဖြစ်တဲ့ ရုပ်,နာမ်သာထင်တာတဲ့


သေခါနီးမှာ အပေါ်ကပြောခဲ့တဲ့ ကုသိုလ်(သို့)အကုသိုလ် ကံအာရုံတွေထင်လာမယ် များသောအားဖြင့် 

ဂရုကံ-ကြီးလေးတဲ့ အားကောင်းတဲ့ကံ နဲ့ 

အာစိဏ္ဏ ကံ= အမြဲမပြတ်ပြုလုပ်နေတဲ့ကံ တွေ ထင်တာများတယ်တဲ့


တသက်လုံးဆိုးလာပြီး သေခါနီးမှ စိတ်ကောင်းထားလိုက်တာနဲ့ ကောင်းတဲ့ဘုံဘဝကိုရောက်နိုင်သလားဆိုတော့ သေခါနီးမှာ ဘာအာရုံထင်သလဲပေါ်မူတည်တယ် (မရဏာသန္န ဇောတွေတော့မပြောတော့ဘူး ရှည်နေမှာစိုးလို့)

လူဆိုတာက အစွဲကြီးတတ်ကြသလို ဂရုကံ,အာစိဏ္ဏ ကံစတဲ့ ကိုယ့်ဘဝမှာအကြီးမားဆုံးလုပ်ဖူးတဲ့အလုပ် ၊ နေ့တိုင်း မပြတ်လုပ်နေကျ အလုပ် အာရုံတွေပဲ မြင်ယောင်တတ်ကြတယ် ပြန်တွေးတတ်ကြတယ် ဒါကြောင့် ဆရာတော်ဘုရားကြီး ရာခိုင်နှုန်းတော်တော်နည်းမယ် chance  နည်းမယ် နေ့စဉ်လုပ်တဲ့ စိတ်က ကျက်စားနေကျ အာရုံတွေဘဲ  ပိုထင်လာတတ်လို့ လိုရင်းတိုရှင်းဘဲ မိန့်သွားတာပါ 

တသက်လုံး မကောင်းတာလုပ်လာတဲ့လူတစ်ယောက်ဟာ သေခါနီးမှ စိတ်ကောင်းမွေးဖို့ ကုသိုလ်တရားကို အာရုံပြုဖို့ဆိုတာ ခက်လိမ့်မယ်

ဘာကြောင့်လည်းဆိုတော့ကုသိုလ်အာရုံဟာ သူ့ စိတ်ကျက်စားနေကျ အာရုံမဟုတ်လို့ အလေ့အကျင့်မရှိလို့ပဲ


သေခါနီး ထားရမည့် စိတ်နေစိတ်ထား အကြောင်း

***********************************


သေခြင်းတရားဟာ


 အသက်အရွယ် ကြီးကြီးငယ်ငယ် ဘယ်သူမဆို ရင်ဆိုင်ကြရမှာချည်းပါ။ 


အနေတတ်သော်လည်း အသေမတတ်ရင် မကောင်းတဲ့ လားရာ ဂတိနိမိတ်တွေပေါ်ပြီး ဆင်းရဲရတဲ့ အပါယ်ဘုံများကို ရောက်တတ်ကြရပါတယ်။


သေခါနီးအချိန်လေးမှာ...

*****************


အစွဲအလမ်း သုံးမျိုးကို ဖြုတ်ထားပေးပါ။


၁။ မိမိခန္ဓာကိုယ်နှင် ခွဲခွါရတော့မည့်အတွက် ဤခန္ဓာပေါ်၌ အစွဲအလမ်းဖြုတ်ပေးပါ။


၂။ ဇနီး မယား သမီးသား မိတ်ဆွေများနှင့် ခွဲခွါရတော့မည့်အတွက် ထိုသူတွေပေါ်၌လည်း အစွဲအလမ်းဖြုတ်ပေးပါ။


၃။ ပိုင်ဆိုင်ထားသော ရာထူးဂုဏ် ပစ္စည်းဥစ္စာများနှင့်လည်း ခွဲခွါရတော့မည့်အတွက် ထိုအရာများပေါ်၌လည်း အစွဲအလမ်းဖြုတ်ပေးပါ။


သေနည်း

*******

 မိမိပြုလုပ်ခဲ့သော ကုသိုလ်အာရုံ အကုသိုလ်အာရုံတွေကိုလည်း စဉ်းစားတွေးတောနေပါ။


ဒါနကို ထင်ထင်ရှားရှား အာရုံပြုစရာမရရင် ကိုယ်ဆောက်တည်ခဲသော သီလတရားကို အာရုံပြုပါ။


သို့မဟုတ်ရင် ကိုယ်အားထုတ်ခဲ့သည့်အတိုင်း ဝိပဿနာကုသိုလ်စိတ်ထားပြီး

 စိတ်ကြည်ကြည်လင်လင်ဖြင့်သာ "ခန္ဓာမှာ ပေါ်လာတဲ့ ဝေဒနာကို စိတ်အားစိုက်ပြီး မမြဲခြင်း အနိစ္စ၊ (သို့မဟုတ်) ပျက်စီးဆင်းရဲတဲ့ ဒုက္ခ၊ (သို့မဟုတ်) တားဆီးမရတဲ့ အနတ္တ၊ သဘောဟု အစဉ်ရှုမှတ်ပေးထားလိုက်ပါ။


မရဏာ သန္နဇော စောနေတုန်း  သေခါနီး ဖြစ်တဲ့အတွက် ဝေဒနာဟာ အတော်ကလေးပြင်းပြပါလိမ့်မယ်။ 


-ထိုစဉ် "ဝေဒနာကို ဝေဒနာဟု မမြင်ဘဲ မ​မြဲတဲ့ အနိစ္စ သက်သက်ပဲမြင်ပေးပါ။ 

-ပျက်စီးနေတဲ့ ဒုက္ခသက်သက်မြင်ပေးပါ။

 -တားဆီးမရတဲ့ အနတ္တ သက်သက်ပဲမြင်ပေးပါ။"


ဒီလိုမျိုး ဝိပဿနာကုသိုလ်အာရုံ ကိုပြောင်းလိုက်တဲ့အတွက် နိဗ္ဗာန်နဲ့နီးပြီး အပါယ်ဘုံတွေနဲ့ဝေးသွားပါလိမ့်မယ်။


ရှေ့ကပြောခဲ့တဲ့ အာရုံပြုနည်း (၃)နည်းမှာ ဝိပဿနာ အာရုံကတော့ အကောင်းဆုံးပေါ့၊


တကယ့်လို့ ဒေ(၃)မျိုးထဲက တစ်ခုမှလည်း စိတ်မထားနိုင်ဘူးဆိုရင် သားသမီး၊ပစ္စည်းဥစ္စာတွေအပေါ်မှာ စိတ်စွဲလမ်းမှုတွေဖြစ်မယ်၊ မကျေနပ်မှုတွေဖြစ်မယ် ဆိုရင် တဏှာ ဥပါဒါန် ကံ အပါယ်ဇာတိဖြစ်ပြီး ဘဝသွားတတ်ပါတယ်။


ဝိပဿနာကုသိုလ်သည်သာ အကောင်းဆုံး

*******************************

အဓိကကေတာ့ သေခါနီးမှာ ကောင်းတဲ့ကံတွေ ပြုလုပ်နေဖို့ပါပဲ။ 

သေခါနီးမှာ ဝေဒနာပြင်းပြတာကြောင့် ကောင်းတဲ့ ကာယကံ၊ဝစီကံ တွေမလုပ်နိုင်တော့တဲ့ အတွက်


 "မနောကံကုသိုလ် တစ်မျိုးပဲ ကျန်ပါတော့တယ်။"


 ဒါ့ကြောင့် မေနာကံ ကုသိုလ်ဖြစ်တဲ့ ဝိပဿနာကုသိုလ်ပြုဖို့ အဓိက လိုအပ်နေခြင်းပါ။


အလှူဒါနတွေ အပေါ်အာရုံပြုချင်ရင် တဏှာစွန့်ပြီး လှူဒါန်းလိုက်တဲ့ စွန့်လွှတ်လိုက်တဲ့ အလောဘ ကုသိုလ်စိတ်လေးကို ပွားနေဖို့ပါပဲ။ 


အပွားမတတ်ရင်တော့ လူချမ်းသာ နတ်ချမ်းသာ လိုချင်တဲ့ တဏှာလာတတ်လို့ ဒီတဏှာက အပါယ်ဘုံကို တွန်းပို့တတ်ပါတယ်။


ဒါ့ကြောင့် ဝိပဿနာကုသိုလ်ပြုခြင်းသည်သာ အကောင်းဆုံး သေနည်းဖြစ်လို့နေပါတော့တယ်။


သုဂတိ ဒုဂ္ဂတိ ရောက်သူပမာဏ

************************

ဘုရားရှင်က သုဂတိဘုံ ရောက်သူများမှာ လက်သည်းခွံပေါ်မှ မြေမှုန့်ပမာဏခန့်သာရှိပြီး ဒုဂတိဘုံ ရောက်သူများမှာ မဟာပထဝီ မြေကြီး ပမာဏခန့်ရှိတယ်လို့ ဥပမာပြ ဆုံးမ ဟောမိန့်ထားခဲ့ပါတယ်။ အချိုးအဆမှာ အလွန်ကွာဝေးလှပါတယ်။ 


အသေမတတ်လို့ အပါယ်ရောက်သွားကြတာမို့လို့ အသေတတ်ဖို့ အလွန်အရေးကြီးလှပါတယ်။


အားလုံး အသေတတ်ကြပါစေလို့ အသေတတ် တရားမျှဝေရင်း အသေတတ်ကြပါစေလို့ ဆုတောင်းပြုလိုက်ပါတယ်။


Credit

#အရှင်အရဟံ-မြောက်ဦး