ဝိသာခါကျောင်းအစ်မကြီးဆိုတာ အားလုံးသိတဲ့အတိုင်း သာသနာမှာ အလှူဒါန ရက်ရောသူအဖြစ် သာသနာ့မိခင်ကြီးအဖြစ် သောတာပန်အလှ မိဖုယား အဖြစ်၊ ရဟန်းတော်များရဲ့ ရေတွင်းရေကန်ပမာအဖြစ် ထွန်းသစ်ထင်ရှားခဲ့တဲ့ အမျိုးသမီးတစ်ဦးဖြစ်ပါတယ်။ ဂုဏ်ယူဖွယ်ရာအကြောင်းတွေ အများကြီးရှိခဲ့ပါတယ်။ သာဝတ္ထိမြို့ရဲ့ အရှေ့ဘက်မှာ တိုက်ခန်းပေါင်း တစ်ထောင်ရှိတဲ့ ပုဗ္ဗာရုံကျောင်းကြီး လှူထားခဲ့တဲ့ ကျောင်းအစ်မကြီးတစ်ဦးဖြစ်ခဲ့သလို၊ သားသမီး(၂၀)၊ မြေး(၄၀၀)၊ မြစ်(၈၀⁠၀၀) နဲ့ အခြွေအရံလည်း များခဲ့တဲ့ အမျိုးသမီးလည်းဖြစ်ခဲ့ပါသေးတယ်။ ထိုမျှမကသေး ဘာသာဝါဒမတူတဲ့ မိစ္ဆာဒိဋ္ဌိမိဂါရသူဌေးနဲ့ မိသားစုတို့ကို ဗုဒ္ဓဘာသာဖြစ်အောင် စည်းရုံနိုင်ခဲ့တဲ့ အမျိုးသမီးဖြစ်ခဲ့ပါတယ်။ မြတ်စွာဘုရား ဇေတဝန်ကျောင်းတော်မှာ သီတင်းသုံးတော့ ဝိသာခါက ဆွမ်းစားပင့်ပါတယ်။ အဲဒီညလွန်တော့ လေးကျွန်းလုံးအနှံ့ မိုးကြီးရွာသွန်းပါတယ်။ မြတ်စွာဘုရားရှင်က ရဟန်းတို့ ဇေတဝန်ကျောင်းမှာရွာသလို၊ လေးကျွန်းလုံးအနှံ့မှာလည်း မိုးရွာတယ်။ သင်တို့မိုးရေချိုးကြ။ ဒီမိုးကြီးဟာ လေးကျွန်းလုံးနှံ့တဲ့ နောက်ဆုံးမိုးပဲ ဟု မိန့်တော်မူပါတယ်။ ရဟန်းတော်များဟာ သင်္ကန်းအပိုအလှူခံခွင့် မရှိသေးတာကြောင့် မိုးရေခံ သင်္ကန်းမပါဘဲ မိုးရေချိုးနေကြတဲ့အချိန် ဝိသာခါလွှတ်လိုက်တဲ့ အိမ်ဖော်မလေး ကျောင်းလာဆွမ်းစားချိန်ရောက်ကြောင်း လျှောက်ထားဖို့လာတဲ့အခါ၊ အဝတ်မပါဘဲ မိုးရေချိုးနေကြတဲ့ ရဟန်းတော်များကိုမြင်တော့ ဒီအရာမ်အတွင်းမှာ ရဟန်းတွေ မရှိဘူး။ အာဇီဝတက္ကတွန်းတွေသာ မိုးရေချိုးနေကြတယ်လို့တွေးပြီး ရဟန်းတွေကို မပင့်ခဲ့ဘဲ အိမ်ပြန်သွား ဝိသာခါကို အကြောင်းစုံပြန်ပြောတယ်။

ဝိသာခါက ပညာရှိတယ်။ လိမ္မာယဉ်ကျေးတယ်။ အတွေးအခေါ်လျင်မြန်ထက်မြက်တယ်။ရဟန်းတော်တွေ မိုးရေးခံသင်္ကန်းမပါဘဲ မိုးရေချိုးနေကြတာဖြစ်မယ် စဉ်းစားပြီး အိမ်ဖော်မလေးကို ဆွမ်းစားချိန်ရောက်ကြောင်း ထပ်မံ အပင့်ခိုင်းပြန်တယ်။ အဲဒီအချိန် ရဟန်းတော်များဟာ ရေးချိုးပြီးလို့ တင့်တင့်တယ်တယ် သပ္ပါယ်စွာ ဝတ်ရုံထားကြပြီးဖြစ်တယ်။ ကျောင်းတွင်းမှာ တိတ်ဆိတ်ငြိမ်သက်စွာ သီတင်းသုံးနေကြပြီဖြစ်တယ်။ ရဟန်းတစ်ပါးမျှ ကျောင်းမှာမရှိဘူး။ တစ်ကျောင်းလုံးတိတ်ဆိတ်နေတယ်လို့ အိမ်ဖော်မလေးက ပြန်လာပြီး 

ဝိသာခါကို ပြောပြန်တယ်။ ဝိသာခါက အခြေအနေကို စဉ်းစားမိပြီး ထပ်မံလွှတ်ရပြန်တယ်။ ဒီတော့မှ မြတ်စွာဘုရားရှင်နဲ့ သံဃာတော်တွေ အိမ်ကြွလာတော်မူကြတယ်။ မိုးရွာပြီးစ ရေစီးအဟုန်တွေများနေပေမယ့် မြတ်စွာဘုရားနဲ့ သံဃာတော်တို့ရဲ့ ခြေတော်တွေ သင်္ကန်းတော်တွေမှာ ရေစိုစွတ်ခြင်း မရှိတာမြင်တော့ ဝိသာခါ အံ့ဩဝမ်းသာဖြစ်ကာ ဆွမ်းကပ်လှူ၊ ဒီနောက် မြတ်စွာဘုရားထံမှာ ဆု(၈)ပါးလျှောက်ထားတောင်းဆိုပါတယ်။ အဲဒီဆု(၈)ပါးက-

  1. အရှင်ဘုရား တပည့်တော်မသည် သံဃာတော်များအား အသက်ထက်ဆုံး မိုးရေးခံသင်္ကန်း လှူလိုပါ၏။
  2. ဧည့်သည် အာဂန္တုတို့အား ဆွမ်းလှူလိုပါ၏။
  3. ခရီးသွားရဟန်းတို့အား ဆွမ်းလှူလိုပါ၏။
  4. သူနာရဟန်းတို့အား ဆွမ်းလှူလိုပါ၏။
  5. သူနာပြု ရဟန်းတို့အား ဆွမ်းလှူလိုပါ၏။
  6. သူနာရဟန်းတို့အား ဆေးလှူလိုပါ၏။
  7. အမြဲ ယာဂု လှူလိုပါ၏။
  8. ဘိက္ခုနီသံဃာအား ရေသနုပ်လှူလိုပါ၏။ ဆိုတဲ့ ဆု(၈)မျိုးပါ။

ဝိသာခါ သင် ဘယ်လိုအကျိုးထူး ကျေးဇူးတွေမြင်လို့ ဒီဆုတွေတောင်းတာလဲ လို့ မြတ်စွာဘုရားရှင်က မေးတော့ အိမ်ဖော်မလေးပြောတဲ့စကားပြန်လျှောက်ပါတယ်။ အရှင်ဘုရား အဝတ်မစည်း အချည်းအနှီးနေခြင်းဟာ စက်ဆုပ်ရွံရှာဖွယ်ရှိလို့ မစင်ကြယ်ပါ။ ဒီအကျိုးမြင်လို့ ရဟန်းသံဃာတော်အား အသက်ထက်ဆုံး မိုးရေခံသင်္ကန်း လှူဒါန်းလိုပါတယ်ဘုရား။

ဧည့်သည် အာဂန္တု ရဟန်းများ ခရီးမကျွမ်းကျင်လို့ ဆွမ်းကိစ္စ အခက်အခဲ ကြုံတတ်ပါတယ်။ တပည့်တော်မ လှူတဲ့ဆွမ်းကို ဘုဉ်းပေးပြီးမှ ခရီးလမ်းသိ ဆွမ်းခံကျွမ်းကျင်မှု ရှိပါလိမ့်မယ်။ ဒါကြောင့်လည်း ဧည့်သည်အာဂန္တုရဟန်းတို့ကို ဆွမ်းလှူဒါန်းလိုပါတယ်ဘုရား။

ခရီးသွားရဟန်းများ ဆွမ်းရှာနေရပါက အဖော်များပြတ်ကျန် နေပါလိမ့်မယ်။ သွားချင်တဲ့ကျောင်းကိုလည်း အချိန်အခါမဲ့မှ ရောက်သွားပါလိမ့်မယ်။ တပည့်တော်လှူတဲ့ဆွမ်းကို ဘုဉ်းပေးရပါက အဲဒီဒုက္ခမှ ကင်းဝေးပါမယ်။ ဒါကြောင့် အသက်ထက်ဆုံး ခရီးသွားသံဃာအား ဆွမ်းလှူဒါန်းလိုပါတယ်ဘုရား။

ဖျားနာတဲ့ရဟန်းမှာ လျောက်ပတ်တဲ့ဘောဇဉ် မရပါက အနာတိုးပွားနိုင်သလို အသက်အန္တရာယ်လည်း ကြုံတွေ့နိုင်ပါတယ်။ တပည့်တော်လှူတဲ့ ဘောဇဉ်စားသောက်ရပါက ဒီအန္တရာယ်ကင်းပါလိမ့်မယ်။ ဒါကြောင့် သူနာရဟန်းများကိုလည်း အသက်ထက်ဆုံး ဆွမ်းလှူဒါန်းလိုပါတယ်။ဘုရား။

သူနာပြု(ဖျားနာနေသော ရဟန်းအား လုပ်ကျွေးပြုစုသူ) ရဟန်းများ ကိုယ်တိုင်ဆွမ်းရှာနေရပါက သူနာရဟန်းအား ပြုစုရမယ့်ကိစ္စတွေ လစ်ဟင်းနေပါလိမ့်မယ်။ ဒါကြောင့် သူနာပြု ဂိလာနုပဋ္ဌာက ရဟန်းများကိုလည်း အသက်ထက်ဆုံး ဆွမ်းလှူဒါန်းလိုပါတယ်ဘုရား။

သူနာရဟန်းမှာ လျောက်ပတ်တဲ့ ဆေးဝါးမရပါက ရောဂါတိုးပွားပါလိမ့်မယ်။ ဒါကြောင့် အသက်ထက်ဆုံး သူနာရဟန်းအား ဆေးဝါးလှူဒါန်းလိုပါတယ်ဘုရား။

အရှင်ဘုရားက အန္ဓကဝိန္ဒမြို့မှာ ယာဂုအကျိုးဆယ်မျိုးရှိတယ်လို့ ဟောကြားခွင့်ပြုတာကြောင့် ရဟန်းသံဃာအား တပည့်တော်မ အသက်ထက်ဆုံး ယာဂုလှူလိုပါတယ်ဘုရား။

အမျိုးသမီးရဟန်းများ အစီရဝတီမြစ်မှာ ပြည့်တန်ဆာမများတို့နဲ့ ရေဆိပ်တစ်ခုတည်းမှာ အဝတ်မစည်း ရေချိုးနေကြလို့ ပြည့်တန်ဆာမများက ရဟန်းမ ဘိက္ခုနီတို့ကို ပြက်ရယ်လှောင်ပြောင်ကြပါတယ်။ ဒါကြောင့် ဘိက္ခုနီသံဃာအား အသက်ထက်ဆုံး ရေသနုပ်(ရေလဲသင်္ကန်း) လှူဒါန်းလိုပါတယ်ဘုရားဟု ဒီဆု(၈)မျိုးကို ဝိသာခါဒကာမကြီးက တောင်းခံခဲ့တာပါ။ သံဃာများ ချမ်းသာစေလိုတဲ့ ဒီဆုတွေ ဝိသာခါတောင်းတာဟာ သာသနာအကျိုးကြည့်တာရယ်၊ သူကိုယ်တိုင် နောင်အချိန်မှာ ဝမ်းသာပီတိနဲ့ သဒ္ဓါပွားချင်တာရယ်ကြောင့် တောင်းထားတာဖြစ်ပါတယ်။ မြတ်စွာဘုရားရှင်က ခွင့်ပြုတော်မူခဲ့လို့ ဒီနေ့ ဗုဒ္ဓဘာသာဝင် အမျိုးသား အမျိုးသမီးများ အနေဖြင့် ဝိသာခါကျောင်းအစ်မကြီးရဲ့ ဆုရှစ်မျိုးထဲက တစ်ခုအပါအဝင်ဖြစ်တဲ့ ဝါဆိုသင်္ကန်းကို လှူဒါန်းနေကြတာဖြစ်ပါတယ်။ ဒါက ဝိသာခါကျောင်းအစ်မကြီး တောင်းခံခဲ့လို့ ဝါဆိုင်္သန်းရယ်လို့ ပေါ်ပေါက်လာခဲ့ခြင်းဖြစ်ပါတယ်။

သာဝတ္ထိမြိုကို ကြွဖူးတဲ့ ရဟန်းဖြစ်ပါက ဝိသာခါရဲ့ သင်္ကန်း ဆွမ်း စတဲ့အလှူကို တစ်မျိုး⁠မျိုးတော့ ရရှိအလှူခံဖူးမှာပဲ။ အဲဒီရဟန်းတော်များ တရားထူးရတယ်ဆိုပါက ဝိသာခါကျောင်းအစ်မကြီးရဲ့ ကျေးဇူးလည်း ရှိဖူးပြီပဲလို့ တွေးမိရင် ဝိသာခါက ဝမ်းမြောက်မယ်၊ နှစ်သက်မယ်၊ ငြိမ်းအေးမယ်။ ချမ်းသာမယ်။ တည်ကြည်မယ်။ ဣန္ဒြေဗိုလ်၊ ဗောဇ္ဈတရားများ တိုးပွားမယ်။ ဒီအာနိသင်တွေ့မြင်လို့ ဆု(၈)ပါးကို တောင်းခံခဲ့တာဖြစ်ပါလို့ ရေးသားရင်း နိဂုံးချုပ်လိုက်တော့၏။


ဝါဆိုသင်္ကန်းလှူဒါန်းခြင်းနှင့် ပတ်သက်ပြီး ယနေ့ခေတ်

မြန်မာတစ်ပြည်လုံး ဗုဒ္ဓဘာသာဝင်များသည် တစ်ဦးချင်း ဖြစ်စေ၊

အသင်းအဖွဲ့အနေဖြင့်ဖြစ်စေ၊ သံဃာအများအားဖြစ်စေ၊

တစ်ပါးကိုဖြစ်စေ အမျိုးမျိုးအဆင်ပြေစွာ လှူဒါန်းနေကြပါသည်။


ဝါဆိုသင်္ကန်းဆိုသည်မှာ ဝါဆိုခါနီးကပ်ပြီး လှူဒါန်းသည့်သင်္ကန်းဖြစ်စေ၊

ဝါတွင်းကာလမှာတွင်ဖြစ်စေ လှူဒါန်းသည့် သင်္ကန်းကို

ဝါဆိုသင်္ကန်းဟုခေါ်ပါသည်။

ကာလ ဒါနသင်္ကန်းဆိုလျှင်လည်း မှန်ပါသည်။

ဝါဆိုပြီး ခေတ်ကာလတွင် လှူဒါန်းသောသင်္ကန်း၊

ကထိန်ခေတ်ကာလတွင် လှူဒါန်းသောသင်္ကန်းတို့ကို

သူခေတ်သူ့ကာလ အခါအားလျော်စွာ လှူဒါန်းသည့်

သင်္ကန်းဖြစ်၍ ကာလသင်္ကန်း ၊ကာလဒါနအလှူဟု ခေါ်နိုင်ပါသည်။

ဝါဆိုသင်္ကန်း လှူဒါန်းနိုင်သော ကာလမ်ားမွာ-

၁။ ဝါတွင်း(၃)လ၊

၂။ သီတင်းကျွတ်လဆုတ်(၁)ရက်မှ

တန်ဆောင်မုန်းလပြည့်ထိ သင်္ကန်းကာလ (၁)လ၊

၃။ သီတင်းကျွတ်လဆုတ်(၁)ရက်မှ တပေါင်းလပြည့်အထိ ကထိန်အာနိသင်ကာလ (၅)လ၊

၄။ တပေါင်းလဆုတ်(၁)ရက်မှ ဝါဆိုလပြည့်အထိ နွေ (၄)လ၊

အထက်ပါကာလများကို ပြန်လည်ပေါင်းရုံးကြည့်လျှင်

တစ်နှစ်ပတ်လုံး မည်သည့်နေ့ရက်၌မဆို ဝါဆိုသင်္ကန်း

လှူဒါန်း နိုင်ကြောင်း တွေ့ရပေမည်။


သို့သော် လှူဒါန်းပုံနှင့် ရယူပိုင်ဆိုင်ခွင့်များအား ကွာခြားမှုရှိ၏။


၁။ ဝါတွင်း(၃)လ၌ လှူဒါန်းလိုသော်...

အလှူရှင်သည် ဝိဿံ ဝသန္တာနံ ဒမ္မိ = ဝါဆိုဆဲသံဃာအား လှူပါ၏

ဟုနှုတ်မြွက်ရွတ်ဆို လှူဒါန်းရ၏။

ဤသို့ ဝါတွင်း၌ လှူဒါန်းလာသော သင်္ကန်းကို ဝါမကျိုးသော

ရဟန်းတို့အား ခံယူနိုင်ခွင့် ပိုင်ဆိုင်နိုင်ခွင့်ရှိ၏။

ဝါကျိုးပြတ်သော ရဟန်း မစိၧမဝါ (ဒုတိယဝါ) ကပ်သော

ရဟန်းတော်များမခံယူရ၊ ပိုင်ဆိုင်ခွင့်မရှိ။


၂။ သီတင်းကျွတ်လဆုတ် (၁)ရက်မှ

တန်ဆောင်မုန်းလပြည့်အထိ သင်္ကန်းကာလခေါ်သော

(၁)လအတွင်း၌ အလှူရှင်သည် အထက်ပါအတိုင်း

ဝိဿံ ဝသန္တာနံ ဒမ္မိ = ဝါဆိုဆဲသံဃာအား လှူဒါန်းပါ၏

ဟု နှုတ်မြွက်ရွတ်ဆို လှူဒါန်းလာသော်

ဝါဆိုဆဲ၊ဝါဆိုတုန်းဖြစ်သော ဒုတိယဝါကပ်သော

ရဟန်းတို့သာ ရယူနိုင်ခွင့်၊ ပိုင်ဆိုင်ခွင့်ရှိ၏။

ပုရိမဝါ (ပထမဝါ)ကျွတ်ပြီးသော ရဟန်းဝါကျိုးပြတ်သော

ရဟန်းများနှင့်မဆိုင်၊ မရနိုင်ပေ။


၃။ သီတင်းကျွတ်လဆုတ်(၁)ရက်မှ တပေါင်းလပြည့်အထိ

ကထိန်အာနိသင် ရရာကာလ (၅)လအတွင်း၌ လှူဒါန်းလိုသော

အလှူရှင်သည်ဝိဿာဝါသိကံ ဒမ္မံ = ဝါလပတ်လုံးနေခြင်းရှိသော

(ဝါဆို) ခဲ့ပြီးသော သံဃာအား လှူပါ၏ဟု နှုတ်မြွက်ရွတ်ဆိုလှူဒါန်းရ၏။

ဤ (၅)လအတွင်း၌ လှူဒါန်းလာသော ဝါဆိုသင်္ကန်းကို

(ကထိန်ခင်းသည် ဖြစ်စေ၊ မခင်းသည်ဖြစ်စေ)

ပထမဝါကျွတ်သူ၊ ဒုတိယဝါကျွတ်သူ ရဟန်းအားလုံး

ပိုင်ဆိုင်ခွင့်၊ ခံယူခွင့်ရှိကြ၏။

ဝါကျွတ်မှ ရောက်လာသော ရဟန်းသစ်တို့အား

သံဃာဟောင်းတို့ သဘောတူလျှင် ဝေစုရနိုင်၏။


၄။ တပေါင်းလဆုတ်(၁)ရက်မှ ဝါဆိုလပြည့်နေ့အထိ

နွေ(၄)လ၌ လှူဒါန်းရာဝယ် ဝိဿာဝါသိ်ကံဟူ၍ပင် လှူဒါန်းရ၏။

သို့ရာတွင် လှူဒါန်းသူသည်-

(က) ကပ်ခဲ့ပြီးသော အတိတ် (ဝါ ဆိုသံဃာ) ကိုလည်း

ရည်မှန်း၍ လှူဒါန်းနိုင်၏။

(ခ) မကပ်ရသေးသည့် အနာဂတ် (ဝါ ဆိုသံဃာ)ကိုလည်း

ရည်မှန်း လှူဒါန်းနိုင်၏။


ဤသို့ လှူဒါန်းလာသော် အလှူခံ ရဟန်းတော်တို့က

ဒကာတို့ ယခု လှူဒါန်းသော ဝါဆိုသင်္ကန်းသည် အတိတ်ဝါကို

ရည်မှန်း သေလာ၊ အနာဂတ်ဝါကို ရည်မှန်းသလောဟု

မေးမြန်းစိစစ်ကြည့်ရ၏။ အလှူရှင်များက-

(က) ပြီးခဲ့သော အတိတ်ဝါဆိုသံဃာအား ရည်မှန်းပါ၏ ဟု

လျှောက်ထားသော်

ထိုဝါဆိုသင်္ကန်းကို ဤကျောင်း တိုက်၌ ဝါဆိုခဲ့ပြီးသော

ရဟန်းတော်များသာ သက်ဆိုင်အလှူခံနိုင်၏။

(ဝါဆိုပြီး ဤကျောင်းတိုက်မှ ပြောင်းရွှေ့သွားသော

ရဟန်းတော်များကိုလည်း ဝေစုပေးလိုက်ရ၏။

ဝါကျွတ်ပြီးမှ အသစ်ရောက်လာသော သံဃာကား

ကျောင်းတိုက်သံဃာက သေဘာတူမွ ရနိုင်၏။)


(ခ) လာမည့်အနာဂတ် ဝါကပ်သံဃာအား ရည်မှန်းလှူဒါန်းပါသည်ဟု

ဆိုလာသော် ၎င်းသင်္ကန်းများကို မဝေခြမ်းသေးဘဲ သိမ်းထားပြီး

လာမည့် ဝါဆိုနေ့ကျမှ ခွဲခြမ်း ဝေဖန်ရ၏။

သံဃာအဟောင်း၊အသစ် အားလုံးဆိုင်သည်။

(ယခု ရေးသားဖော်ပြသည်ကား သံဃိကလှူဒါန်းလာသော

ဝါဆိုသင်္ကန်းအတွက်လှူဒါန်းဝေဖန်ပုံများ ဖြစ်၏။)


ဝါဆိုသင်္ကန်းလှူဒါန်းရကျိုး။


အပါယ်လွတ်သော ကုသိုလ်(၇)မျိုး

၁။ သရဏဂုံကုသိုလ်။

၂။ ငါးပါးသီလကုသိုလ်။

၃။ စာရေးတံဆွမ်း။

၄။ လဆန်းပက္ခ၊ လဆုတ်ပက္ခ၊၌ လှူဒါန်းသောဆွမ်း။

(တစ်လကို နှစ်ပိုင်း ပိုင်းလိုက်ပါ။ ရှေ့ဆယ်ငါးရက်သည်

လဆန်း ပက္ခဖြစ်၍ နောက်၁၆ရက်မှ လကုန်ထိသည်

လဆုတ်ပက္ခဖြစ်သည်။)

၅။ ဝါဆိုသင်္ကန်း

၆။ ရေတွင်းရေကန်အလှူ။

၇။ ကျောင်းအလှူတို့ဖြစ်၏။ ထိုကုသိုလ် ၇မျိုးထဲမှ တစ်မျိုးမျိုးကိုဖြစ်စေ၊

နှစ်မျိုးဖြစ်စေ၊ ခုနစ်မျိုးလုံးဖြစ်စေ အျမဲ(ဝတ်) ထားပြီးလှူဒါန်းမယ်ဆိုရင်

ဂတိမြဲတဲ့ကုသိုလ်ဖြစ်ပါတယ်။


(သောတာပန္တွ သဒိသာနေဝ) ဆိုတဲ့ ပုဒ်ကိုထောက်ဆပြီး

သောတာပန်များ လားရာဂတိမြဲသလို၊ ထိုကုသိုလ်များကို အမြဲတန်း

ဝတ်ထားပြီး ပြုလုပ် အားထုတ်မည်ဆိုပါလျှင် သောတာပန်များ

လားရာဂတိမြဲသကဲ့ ထိုကုသိုလ်ကို အားထုတ်သူများလည်း

လားရာဂတိမြဲပါတယ်။


သောတာပန်များ မကောင်းတဲ့အပါယ်လေးပါး ဂတိကို

မရောက်စေနိုင်ဘဲ ကောင်းရာ လူဘုံ နတ္ဘုံ သုဂတိဘုံမြဲသကဲ့သို့

ထိုကုသိုလ်ရှင်များလည်း ကောင်းရာ လူဘုံ နတ္ဘုံ သုဂတိဘုံမြဲပါတယ်။

ဆိုတော့ ဝါဆိုသင်္ကန်းကို အမြဲတန်း (ဝတ်)- နှစ်စဉ်နှစ်တိုင်း

လှူဒါန်းမည်ဆိုပါက သောတာပန်ပုဂ္ဂိုလ်များ ကောင်းရာ

သုဂတိမြဲသလို ဝါဆိုသင်္ကန်းလှူဒါန်းသူများလည်း ကောင်းရာသုဂတိမြဲတဲ့အကျိုးကိုရရှိစေပါတယ်။

အပါယ်ဘုံသို့မကျရောက်ဘဲ ကောင်းရာသုဂတိဘုံကို ရောက်စေခြင်းဆိုတဲ့

အကျိုးတရားပင်ဖြစ်ပါတယ်။ နောက်ထပ်အကျိုးများစွာကို အောက်တွင်လေ့လာပါ။


အရဟတ္တဓဇ ခေါ် ရဟန္တာတို့၏ အလံတံခွန်သဖွယ်ဖြစ်သော

ဤဝါဆိုသင်္ကန်းကို လှူဒါန်းရသဖြင့် . . .

ဝတၴဒေါ ဟောတိ ဝဏ္ဏဒေါ

ဝတၴဒါနေန ဝဏ္ဏသမ္ပတ္တိ ပဋိလာဘော ဟူသော

ဒေသနာတော်များအရ သင်္ကန်း၏ အဓိကအကျိုးဖြစ်သော

အဆင်းလှခြင်းဟူသော အကျိုးကို ဧကန်ရမည်ဖြစ်ပေသည်။

ထို့ပြင် ဘဝသံသရာ ကျင်လည်ရစဉ်ဝယ် -

ရွှေသို့အဆင်း၊ မြူကြေးကင်၍

ရောင်ဝင်းထိန်ပ၊ နူးည့ံရ၏၊

မကသိန်းဖိုး၊ ပုဆိုးရေလ၊

ညိုရွှေဖြူနီ၊ ဤရှစ်လီသည်၊

ကျမ်းညီသင်္ကန်း လှူကျိုးတည်း။

ဟူသော အပဒါန္လာ သင်္ကန်းအကျိုး (၈)မျိုးကိုလည်း ရဦးမည်ဖြစ်၏။

ထိုမှတပါး ဣဒံ မေ ပုညံ အာသဝက္ခယံ ဝဟံ ဟောတု

-တပည့်တော်၏ ဤဝါဆိုသင်္ကန်းအလှူသည် အာသေဝါ တရား

လေးပါး ကုန်ရာကုန်ကြောင်းဖြစ်သော မဂ်ဉာဏ် ဖိုလ်ဉာဏ်

မြတ်နိဗ္ဗာန်ကို ဧကန်ရောက်အောင် ရွတ်ဆောင်နိုင် ပါစေ ဟု

ဆုတောင်းလှူဒါန်းခဲ့သော် ဒုက္ခခပ်သိမ်း ငြိမ်းရာဖြစ်သော

နိဗ္ဗာန်ချမ်းသာ ဟူသော အကျိုးအမြတ်ကို မလွဲမသေရပေမည်။


ဆရာတော်အရှင်ဇနကာဘိဝံသ မိန့်ဆိုချက်။ ။


ဝဿာဝါသိကံ။ ။

ဝဿံ-ဝါလပတ်လုံး+အာဝါသော ယဿာတိ ဝဿာဝါသော-

ဝါလပတ်လုံး နေခြင်းရှိသော ရဟန်း၊

ဝဿာဝါသဿ+ဒိန္နံ ဝဿာဝါသိကံ-

ဝါလပတ်လုံး နေခြင်းရှိသော ရဟန်းအား လှူအပ်သော သင်္ကန်း၊

(ယခုကာလ၌ ဝါဆိုခါနီး လှူလေ့ရှိကြ၏။

ထိုသင်္ကန်းကို ဝိဿဝါသိက ဟုလည်း အချို့က ခေါ်ကြ၏၊

အမွန္ကား ဝါတွင်း၌ နေသော ရဟန်းအား ဝါကျွတ်မှ ဖြစ်စေ၊

ဝါကျွတ်သောအခါ သုံးစွဲရန် ဝါတွင်း၌ ဖြစ်စေ

လှူအပ်သော သင်္ကန်းကိုသာ ဝဿာဝါသိကသင်္ကန်းဟုခေါ်သည်။


ယဿဘိက္ခဝေ စီဝရံ၊ ပရိဘုဉ္ဇမာနော

ဘိက္ခု မေတ္တံ ကရုဏံ ဘာဝေတိ မုဒိတံ ဘာဝေတိ ဥပေက္ခံ ဘာဝေတိ၊

အပ္ပမာဏော တဿ ပုညာဘိသနေ္တာ။

(စတုက္ကနိပါတ် အင်္ဂုတ္တိုပါဠိတော်)


ဘိက္ခဝေ - ရဟန်းတော်များ အိုချစ်သားတို့။

ယဿ - အကြင်သင်္ကန်းလှူသော ဒါယကာ၏။

စီဝရံ - သင်္ကန်းကို။

ပရိဘုဉ္ဇမာနော - သုံးဆောင်သော။

ဘိက္ခု - ရဟန်းသည်။

မေတ္တံ - မေတ္တာကို။

ဘာဝေတိ - ပွားစေ၏။

ကရုဏံ - ကရုဏာကို

ဘာဝေတိ - ပွားစေ၏။

မုဒိတံ - မုဒိတာကို။

ဘာဝေတိ - ပွားစေ၏။

ဥပေက္ခံ - ဥပေက္ခာကို။

ဘာဝေတိ - ပွားစေ၏။

တဿ - ထိုသင်္ကန်းလှူသောသူအား။

ပုညာဘိသနေ္တာ - ကုသိုလ်အယာဉ်သည်။

အပ္ပမာဏော - အတိုင်းမသိသည်။

ဟောတိ - ဖြစ်၏။


ဣတၳိနံ စီဝရဒါနံ မဟလ္လတာပသာဒေန မတ္တကံ ပပေ္ပါတိ။

ပုရိသာနံ ဣဒ္ဓိမယပတ္တစီဝရေန။ (ဓမ္မပဒအဋ္ဌကထာပါဠိ)


ဟိသစ္စံ - မှန်၏။

ဣတၳိနံ - မိန်းမတို့၏။

စီဝရဒါနံ - သင်္ကန်းအလှူသည်။

မဟလ္လတာပသာဒေန - မဟလ္လတာတန်ဆာကို ဆင်မြန်းရသဖြင့်။

မတ္တကံ - အပြီးသို့။

ပပေ္ပါတိ - ရောက်၏။

ပုရိသာနံ - ယောကျ်ားတို့၏။

စီဝရဒါနံ - သင်္ကန်းအလှူသည်။

ဣဒ္ဓိမယပတ္တစီဝရေန - တန်ခိုးဖြင့်ပြီးသော

သပိတ် သင်္ကန်းကို ဆောင်ရသဖြင့်။

မတ္တကံ - အပြီးသို့။

ပပေ္ပါတိ - ရောက်၏။


အဝတ်သင်္ကန်းလှူရသောအကျိုးပြ တေးထပ်


ဖြစ်လေရာ ဘုံဘဝ၊ ကြုံရတဲ့ခန္ဓာ။

သိင်္ဂီနက်ဆင်းရွှေဝါ ဝင်းပေလာ အေသြး။

မြူမငြိ ဖြူအိလွင်တယ် ။

လှူသည့်ရှင် ကောင်းမှုအရေး။ ။

စီဝရမြတ်ဒါနာ မှတ်ကြပါလေသေး၊

ရွှေတောင်မှာ နေရောင်ပေးသလို၊ ပြောင်အသွေး ကိုယ်ရေ၊

ဖဲကတ္တီနု အပါးသို့ သူ့အသား နူးညံ့ခဲ့ပေ ။ ။

အထည်ပေါင်း သိန်းကုဋေ ကိန်းအခြေ မရေတွက်နိုင်ဘု၊

ချွေ့လျက် မိုးပြန့်ခေါင်မှာ ဖြိုးလျှံ့ရောင်ဝါ ပိုးဖဲနှင့်ကတ္တီပါ

လိုရာရာ ရကြောင်းပလေး။ ။


ဒသိမေ ဘိက္ခဝေ စီဝရဒါနေန အာနိသံသာ၊ ကတာမာနိ ဒသ၊

သုဝဏ္ဏဝဏေ္ဏာ .ဝိရေဇာ. သဗ္ဗပဘာဝေါ. ဝိတပဝါသိနိဒ္ဓဂတေ္တာ၊

ဒုဿဟဿ ပဋိလာဘော၊ သေတပိတလောဟိတ

ဝတၳဒါယကော၊ ခေါမ ကောသေယျ ကပ္ပါသိက ပဋိလာဘော၊

ကပ္ပရုက္ခ ပဋိလာဘော၊

ပစၦိမဘဝေ ဧဟိဘိက္ခု သပသမ္ပဒ ပဋိလာဘော။

(ဓမ္မပဒ အဋ္ဌကထာ)


ဒီစာပိုဒ်လေး ဝါဆိုသင်္ကန်း လှူရကျိုး ဆယ်မျိုးကို ပြဆိုပါတယ်။


၁။ရွှေအဆင်းနှင့်တူသော အဆင်းကိုရရှိခြင်း။

၂။ မြူကြေးမတင် စင်ကြယ်သောကိုယ်ရှိခြင်း။

၃။ ခပ်သိမ်းသော အရပ်တို့ကို ထွန်းလင်းတောက်ပသော ကိုယ်ရှိခြင်း။

၄။ ပူပန်ခြင်းကင်းသော ကိုယ်ရှိခြင်း။

၅။ နူးညံ့သိမ်မွေ့သော ကိုယ်ရှိခြင်း။

၆။ အလိုရှိသောအခါ တစ်ထောင်သော အဝတ်ပုဆိုးတို့ကို ရရှိခြင်း။

၇။ အဖြူ၊ အရွှေ၊ အနီစေသာ အဆင်းရှိသော ပုဆိုးတို့ကို ရရှိခြင်း။

၈။ခေါမတိုင်း ကောတုံပရာဇ်တိုင်းတို့တွင် ဖြစ်သော ပုဆိုးတို့ကို ရရှိခြင်း။

၉။ ပဒေသာပင်တွင်ဖြစ်သော ပုဆိုးတို့ကို ရရှိခြင်း။

၁၀။အဆုံးဘဝတွင် ဧဟိဘိက္ခူ ရဟန္တာအဖြစ်ကို ရရှိခြင်း

စတဲ့ ဆယ်ပါးသော အကျိုးထူး တရားများကို

သင်္ကန်းလှူသော အလှူရှင်တို့မှာ ရရှိခံစားရမှာဖြစ်ပါတယ်ဆိုတဲ့

အကြောင်း အသိပေးရေးသားလိုက်ရပါသည်။


စာဖတ်သူအားလုံးသက်ရှည်ကျန်းမာစိတ်ချမ်းသာ၍

လိုရာဆန္ဒများတစ်လုံးတစ်ဝတည်းပြည့်ဝကြပါစေ။


မေတ္တာဖြင့်

-အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)

ဆက်လက်ဖတ်ရှုရန်