ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့အကြောင်း 

     'ဝါခေါင်' ၏ အဓိပ္ပာယ်မှာ (ဝါ = နေခြင်း၊ ခေါင် = အလယ်၊ ဗဟို၊ အတွင်း ဖြစ်သဖြင့်) ရဟန်းတော်များ ကျောင်း၌နေသော မိုးတွင်းသုံးလ၊ ဝါတွင်းသုံးလ၏ အလယ်လ ဟုဆိုလိုပါတယ်။ တစ်ဖန် ( ခေါင်= ဝေးလံသီခေါင်ခြင်းဖြစ်သဖြင့်) မိုးမရွာလျှင် မိုးခေါင်သည်ဟု ပြောသကဲ့သို့ ဝါခေါင် = ရဟန်းတော်များ ဝါမဆို ဝါမကပ်ရ၊ ဝါဝေးသောလဟုလည်း အဓိပ္ပာယ်ဖွင့်ဆိုကြပြန်ပါတယ်။

     ဝါခေါင်လကို ပုဂံခေတ်ကျောက်စာများတွင် "နံကာလ"ဟု ရေးသားသုံးနှုံးကြပါတယ်။ (နံ= အချိန်ကာလ၊ ကာ= လယ်ယာထွန်ယက်စိုက်ပျိုးခြင်း ဖြစ်သဖြင့်) "လယ်ယာထွန်ယက် စိုက်ပျိုးသောလ" လို့အဓိပ္ပာယ်ရပါတယ်။

     ဗေဒင်အလိုအားဖြင့် ဝါခေါင်လကို "သိဟ်ရာသီ" လို့ခေါ်ပါတယ်။ "သိဟ်"ဟူသောဝေါဟာရမှာ (သီဟ= ခြင်္သေ့ ဟူသော ပါဠိမှ ဆင်းသက်လာတဲ့) ပါဠိသက်စကားဖြစ်လို့ ရာသီရဲ့ရုပ်ပုံကို ခြင်္သေ့ပုံဖြင့် သရုပ်ဖော်ကြပါတယ်။ အနောက်တိုင်းဗေဒင် ဆယ့်နှစ်ရာသီခွင်မှာ  July 23 မှ August 22 အတွင်း "Leo" ဟုသတ်မှတ်ထားလို့ မြန်မာလ "ဝါခေါင်လ" နဲ့ တိုက်ဆိုင်ပါတယ်။ 

     ဝါခေါင်လရဲ့ ရာသီနက္ခတ်မှာ သရဝဏ်နက္ခတ်ဖြစ်ပါတယ်။ သရဝဏ်နက္ခတ်ဟာ ကြယ်သုံးလုံးတန်းလျက် မြားသဏ္ဌာန်ရှိကာ "မောင်ရှင်ဆိုင်းထမ်းကြယ်" လို့လဲ ခေါ်ကြပါတယ်။ ဝါခေါင်လပြည့်ည သန်းခေါင်ယံချိန်မှာ လမင်းကြီးဟာ သရဝဏ်နက္ခတ်နဲ့ တောင်မြောက်ယှဉ်လျက် ထွန်းလင်းနေတာကိုတွေ့နိုင်ပါတယ်။

     ဝါခေါင်လမှာ ပွင့်တဲ့ရာသီပန်းကတော့ ခတ္တာပန်းပါ။ ဒါကြောင့် "ဝါခေါင်ရေဖွေး ခတ္တာမွှေး"ဟူ၍ ဆိုရိုးစကားပြုခဲ့ကြပါတယ်။ ခတ္တာပန်းဟာ ဂမုန်းပင်တစ်မျိုးဖြစ်ပြီး ခတ္တာဖြူ။၊ ခတ္တာနီ၊ ခတ္တာရွှေ၊ ခတ္တာကြောင်ဟု (၄)မျိုးကွဲပြားပါတယ်။

      ဝါဆို ဝါခေါင်လတွေမှာ မိုးကောင်းစွာ ရွာသွန်းလို့ မြစ်၊ ချောင်း၊ အင်း၊ အိုင်တွေမှာ ရေတွေပြည့်နေပုံကို "ဝါဆို ဝါခေါင် ရေဖောင်ဖောင်" လို့လဲ ဆိုထုံး ရှိပါသေးတယ်။ ဝါခေါင်လမှာ သပြေသီး သီးချိန်၊ ထန်းသီးကြွေချိန်ဖြစ်တာမို့ "သပြေကသီး၊ ရေကကြီးသနဲ့၊ ထန်းသီးကကြွေ၊ မိုးကစွေ" လို့ စပ်ဆိုထားခဲ့ကြသလို ကျွန်တော်တို့ သူငယ်တန်းတုန်းက ရွတ်ဆိုခဲ့ရတဲ့
"ဝါဆို ဝါခေါင် ရေတွေကြီးလို့
သပြေသီးမှည့်ကောက်စို့ကွယ်" … ဆိုတဲ့  ဆရာကြီး မင်းသုဝဏ်ရဲ့ "သပြေသီးကောက်" ကဗျာလေးကိုလည်း အမှတ်ရစေပါတယ်။ 

     အထက်အညာဒေသတွေမှာတော့ ဝါခေါင်လမှာ ထနောင်းပင်၊ ကြောင်ကျစ်ပင်၊ ဆူးရစ်ပင်တို့ ပွင့်တတ်ပုံ၊ မိုးမရွာပဲရှိတတ်ပုံ၊ ရွာပြန်ရင်လည်း မိုးသည်းလေ့မရှိပုံကို မုံရွေးဆရာတော်က "ဆယ့်နှစ်ရာသီမိုးဖွဲ့" မှာ စပ်ဆိုခဲ့တာက "ဝါခေါင်တစ်ကြောင်း၊ ထနောင်း ကြောင်ကျစ်၊ ဆူးရစ်ပွင့်ကာ မိုးမရွာ၊ ရွာပါသော်လည်း မိုးမသည်း" တဲ့။ မိုးစိပ်စိပ်လေးရွာတဲ့ ဝါခေါင်လမှာ လယ်သမားတွေဟာ ထွန်ယက်ခြင်းလုပ်ငန်းပြီးဆုံးကာ ထွန်တုံးသိမ်းချိန်ဖြစ်လို့ "ဝါခေါင် မိုးစိပ်၊ ထွန်တုံးပိတ်" လို့ ဆိုရိုးစကားပြုခဲ့ကြပါတယ်။

     ရှေးမြန်မာနာရီသတ်မှတ်ပုံမှာ တစ်ရက်လျှင် နာရီ(၆၀)ရှိတဲ့အနက် ဝါခေါင်လမှာ နေ့(၃၄)နာရီ၊ ညဉ့်(၂၆)နာရီရှိလို့ နေ့တာရှည်ပါတယ်။ "မွန်းတည့်ချိန်ခါ၊ တိုင်းလေပါ၊ ဆာယာတစ်ဖဝါး" ဟူသော သံပေါက်အရ ဝါခေါင်လရဲ့ နေမွန်းတည့်ချိန်မှာ လူရဲ့အရိပ်ဟာ တစ်ဖဝါးရှိပါသတဲ့။

      ဝါခေါင်လမှာ (၂၉)ရက်ရှိတာမို့ ရက်မစုံလတွေထဲမှာ ပါဝင်ပါတယ်။ ရက်ရာဇာက ဗုဒ္ဓဟူးနဲ့ သောကြာနေ့တို့ဖြစ်ပြီး၊ ပြဿဒါးရက်တွေကတော့ ကြာသပတေးနဲ့ စနေတို့ဖြစ်ပါတယ်။

     ဝါခေါင်လမှာထင်ရှားတဲ့ ရာသီပွဲတော်ကတော့ စာရေးတံမဲပွဲတော် ဖြစ်ပါတယ်။ စာရေးတံမဲပွဲတော်ဖြစ်လာပုံမှာ ရာဇဂြိုလ်ပြည်၊ ဝေဠုဝန်ကျောင်းတော်မှာ မြတ်စွာဘုရား သီတင်းသုံးတော်မူစဉ်အခါက ရာဇဂြိုလ်တစ်ပြည်လုံး စားနပ်ရိက္ခာ ငတ်မွတ်ခေါင်းပါးခြင်းနှင့် ကြုံတွေ့နေချိန်ဖြစ်ပါတယ်။ ဒါယကာများက တစ်ကျောင်းလုံးရှိသံဃာအားလုံးကို ဆွမ်းလှူဒါန်းခြင်းမပြုနိုင်ကြလို့ သံဃာ တစ်ပါး၊ နှစ်ပါး၊ ဆယ်ပါး၊ အပါး နှစ်ဆယ် စသဖြင့် မိမိတို့တတ်စွမ်းနိုင်သလောက် လှူဒါန်းခွင့်ပြုပါရန် ဘုရားရှင်အား လျှောက်ထားရာမှာ ဘုရားရှင်ခွင့်ပြုတော်မူသဖြင့် မည်သည့်သံဃာဟူ၍ အစွဲမထားဘဲ စာရေးတံမဲချ၍ လှူဒါန်းခဲ့ကြပါတယ်။ မဲချပုံမှာ ဝါး နှီးပြားများ (သို့မဟုတ်) သစ်သားတံတို့ရဲ့ထိပ်မှာ ဆွမ်းဒကာ၏ အမည်နဲ့နေရပ်ကို ရေးမှတ်ထားပါတယ်။ ရဟန်းတို့က ထိုစာရေးတံများကို အလှည့်ကျ မဲနှိုက်ကာ မိမိတို့ မဲကျတဲ့ ဆွမ်းဒကာရဲ့အိမ်သို့ ဆွမ်းစားကြွရပါတယ်။ ဘုရားရှင်က စာရေးတံမဲပွဲတော်ကို မည်သည့်လမှာ ကျင်းပရမယ်လို့ သတ်မှတ်မထားပေမယ့် မြန်မာနိုင်ငံမှာတော့ ရှေးမြန်မာမင်းများက သံဃာတော်များ တစ်စုတစ်စည်းတည်းရှိရာ ဝါခေါင်လမှာ ကျင်းပခဲ့ကြပါတယ်။ စာရေးတံရဲ့ထိပ်မှာ ဆွမ်းဒကာရဲ့ အမည်မရေးတော့ဘဲ သံဃာတော်ရဲ့ ဘွဲ့အမည်ကို ရေးမှတ်ကြပါတယ်။ ယနေ့ခေတ်မှာတော့ စာရေးတံမဲနဲ့ ဆွမ်းတော်ကြီးလောင်းလှူပွဲများကို ဝါခေါင်လရယ်လို့မဟုတ်တော့ဘဲ မိမိတို့ ရပ်ကွက်ဘုရားပွဲများမှာ ကျင်းပကြပြီး စက္ကူမဲလိပ်များတွင် စာရေးတံနံပါတ်ဂဏန်းကိုသာ ရေးသားလာကြပါတယ်။

     ဝါခေါင်လပြည့်နေ့ကို "မေတ္တာအခါတော်နေ့" လို့ သတ်မှတ်ထားပါတယ်။ မြတ်စွာဘုရား သာဝတ္ထိပြည်၊ ဇေတဝန်ကျောင်းတော်မှာ သီတင်းသုံးတော်မူစဉ်အခါက ရဟန်းငါးရာဟာ ဝါခေါင်လတွင် ဘုရားရှင်ထံမှ ကမ္မဌာန်းတရား နာယူခဲ့ကြပါတယ်။ အဲဒီနောက် ကမ္မဌာန်းတရားအားထုတ်ကြဖို့ သာဝတ္ထိပြည်မှ တစ်ယူဇနာဝေးသော အိမ်ခြေတစ်ထောင်ရှိတဲ့ ရွာကိုရောက်လာကြပါတယ်။ ရဟန်းတော်များဟာ သစ်ပင်တစ်ပင်စီရဲ့အောက်မှာ ကမ္မဌာန်းတရားအားထုတ်ကြရာမှာ မြင့်မြတ်တဲ့ ရဟန်းတော်များရဲ့ သီလအစွမ်းကြောင့် ရုက္ခစိုးများဟာ သစ်ပင်တွေပေါ်မှာမနေနိုင်ကြတော့ဘဲ အောက်သို့ဆင်းပြီး ဆင်းရဲစွာလှည့်လည်နေထိုင်ကြရပါတယ်။ ပထမတော့ ခဏတဖြုတ်ပဲ သီတင်းသုံးကြမယ်ထင်လို့ သည်းခံကြပေမယ့် ရက်ကြာလာတော့ သည်းမခံနိုင်တော့ဘဲ ကြောက်မက်ဖွယ် အဆင်း၊ အသံ၊ စက်ဆုပ်ဖွယ်အနံ့တို့ဖြင့် အမျိုးမျိုးအဖုံဖုံ ခြောက်လှန့်ကြပါတယ်။ ရဟန်းတော်များ ကောင်းစွာ တရားအားမထုတ်နိုင်ကြတော့ဘဲ မြတ်စွာဘုရားထံ အကြောင်းစုံ လျှောက်ထားကြပါတယ်။
      ဝါခေါင်လပြည့်နေ့မှာ မြတ်စွာဘုရားက ရဟန်းတော်များကို လူ နတ် ဗြဟ္မာ သတ္တဝါတို့ ချစ်ခင်စေတဲ့ "မေတ္တသုတ်" တရားတော်ကို ဟောကြားနာယူစေပါတယ်။ ရဟန်းတော်များနဲ့သင့်တော်ရာအရပ်ကို ကြည့်တော်မူရာမှာ အခြားနေရာမမြင်၍ မူလအားထုတ်ရာ အရပ်သို့သာပြန်စေပြီး မေတ္တသုတ်ကို ရွတ်ပွားစေပါတယ်။ မေတ္တသုတ်တရားတော်ရဲ့ အာနုဘော်ကြောင့် ရုက္ခစိုးနတ်တို့ မနှောက်ယှက်ကြတော့တဲ့အပြင် ရဟန်းတော်များကို ချစ်ခင်မြတ်နိုးလာပြီး တံမြက်လှည်းခြင်း၊ သောက်သုံးရေတည်ခြင်းများပြုကာ ဘေးရန်မရှိအောင် စောင့်ရှောက်ပေးကြပါတယ်။ ရဟန်းတော်များဟာ တရားကိုဖြောင့်ဖြောင့် အားထုတ်နိုင်ပြီး ဝါမကျွတ်ခင်မှာပဲ ရဟန်းများအားလုံး အာသဝေါကုန်ခန်းကာ ရဟန္တာများဖြစ်သွားကြပါတယ်။မြတ်စွာဘုရားရှင်သည် ဝါခေါင်လပြည့်နေ့မှာ ရဟန်းငါးရာကို အကြောင်းပြုကာ မေတ္တသုတ် ဟောကြားတော်မူတာဖြစ်လို့ ဝါခေါင်လပြည့်နေ့ကို "မေတ္တာအခါတော်နေ့" လို့ သတ်မှတ်ခေါ်ဆိုတာဖြစ်ပါတယ်။ 

Credit )===> Original uploader