
……………………………………..
ဂေဟ စနစ်အကြောင်းကို ဗုဒ္ဓ ဘယ်လို ဟောပြောခဲ့သလဲ ဆိုတဲ့အချက်ကို အနည်းငယ် ကြည့်မိပါတယ်။
ဂေဟစနစ်ဆိုတာ အပင်တွေ သတ္တဝါတွေနဲ့ ပတ်ဝန်းကျင် တွေအပြန်အလှန် အမှီသဟဲ ပြုလှုပ်ရှားဖြစ်ပေါ်နေပုံစနစ်ပဲဖြစ်ပါတယ်။
သက်ရှိနဲ့ သဘာဝလောကပတ်ဝန်းကျင်နှစ်ခု ဘယ်လိုဆက်နွယ်လုပ်လုပ်ပုံကို လေ့လာတဲ့ပညာရပ်ကို ဂေဟဗေဒ Ecology လို့ခေါ်ပါတယ်။
ဗုဒ္ဓဘာသာကပြောတဲ့ ဂေဟစနစ်ကို နားလည်သဘောပေါက်ဖို့ဆိုရင် လောကသုံးပါးကို နားလည်သဘောပေါက်မှ ရ
ပါလိမ့်မယ်။ နားလည်သဘောပေါက်မှလည်း ဂေဟ စနစ်ကို ခြုံငုံစဉ်းစားနိုင်မှာပါ။
ဂေဟဗေဒ ecology အကြောင်းတွေကို လေ့လာတဲ့အခါ ဂေဟဗေဒပညာရှင် ecologists တွေပြောတဲ့ အကြောင်းအရာမှာ လောကနှစ်မျိုးအကြောင်းအရာကိုတွေ့ရပါတယ်။ သတ္တလောကနဲ့သြကာသလောက အကြောင်းပါ။
ဗုဒ္ဗကတော့ လောကကြီး သုံးပါးနဲ့ဆက်နွယ်နေတဲ့အချက်ကို ထုတ်ပြပါတယ်။
လောကကြီး သုံးပါး ရှိပါတယ် ။
၁။ သတ္တလောက ။
၂။ သြကာသ လောက
၃။ သင်္ခါရလောက တို့ပဲဖြစ်ပါတယ်။
ဗုဒ္ဓ ပြောတဲ့ သတ္တလောကနဲ့ သြကာသ လောက အလုပ်လုပ်ပုံတွေဆိုတာ
ဂေဟစနစ် Ecosystem ကို ရည်ညွှန်းချက်တွေပဲဖြစ်ပါတယ်။
တိပိဋကတ် ပါဠိမြန်မာ အဘိဓါန်မှာ
လောကသန္နိဝါသ ဆိုပြီး လောကသုံးပါးအဖွင့်ကို တွေ့ရပါတယ်။ လောကသုံးကို ဖွင့်ဆိုတဲ့အခါ
၁။ သတ္တလောက
သတ္တဝါအပေါင်း၊ လူအပေါင်း၊ ပေါင်းစု-ပေါင်းဆုံ၍ နေရာဖြစ်သောလောက။
အတူတကွနေထိုင်သင့်သော လောက။
သတ္တလောကအပေါင်းအသင်း အကျိုးအကြောင်းတို့၏ ပေါင်းစည်း၍တည်ရာ ဖြစ်သော သတ္တလောက။
၂။ သင်္ခါရလောက
တေဘူမကသင်္ခါရ၊ ခန္ဓာ ငါးပါးရုပ်နာမ်တရား၊ သတ္တဝါတို့၏ (တဏှာ ဒိဋ္ဌိအစွမ်းဖြင့်) အတူတကွ နေထိုင်ရာဖြစ်သောလောက။
၃။ သြကာသလောက
စကြာဝဠာ၊ ကမ္ဘာ၊ လောကဓါတ်သတ္တဝါ လူတို့ အတူတကွ ဖြစ်တည်နေထိုင်ရာအရပ်။
လို့ အနက်ဖွင့်ထားကြောင်းတွေ့ရပါတယ်။
သတ္တလောကနဲ့ သြကာသလောက ဟာ
သမ္မုလောကနယ်ဖြစ်ပြီး၊ သင်္ခါရလောက ဟာ ပရမတ္ထ နယ်ဖြစ်တယ်ဆိုတာ သိနိုင်ပါတယ်။
ဒါကြောင့် အင်္ဂုလိမာလနဲ့ ဗုဒ္ဓတွေ့ဆုံတဲ့အခါ အင်္ဂုလိမာလပြောတဲ့
“မပြေးနဲ့ ရပ်” လို့ စကားဟာ သတ္တလောက အလွှာကနေပြောတဲ့စကားဖြစ်ပြီး
“ငါက ရပ်နေတာ။
သင်ကသာပြေးနေတာ” ဆိုတဲ့စကားဟာ
ဗုဒ္ဓက သင်္ခါရလောကအလွှာကနေပြောလိုက်တဲ့ အဓိပ်ပါယျဖွဈပါတယျ။
ဒါကြောင့် ဗုဒ္ဓဟောကြားတဲ့ တရားတော်တွေဟာ သင်္ခါရလောကကို အဓိကထားကိုယ်စားပြုဟောကြားလေ့ရှိတာကြောင့်
သတ္တလောကနဲ့ဩကာသလောက အလွှာတွေကနေ ဗုဒ္ဓတရားကို ရှုမြင်တဲ့အခါ
အကွာဝေးတစ်ရပ်ရှိနေခြင်းဖြစိပါတယ်။
လောကသုံးပါးထဲမှာ သတ္တလောကနဲ့ဩကာသလောကဆို Dimension တူတဲ့ လောကဖြစ်ပေမဲ့ သင်္ခါရလောက ဆိုတာ သီးခြားတည်ရှိနေတဲ့ Dimension တစ်ခုဆိုတာကို သိမြင်ထားဖို့ပါ။
လောကသုံးပါးနဲ့ ဂေဟစနစ် Ecosystem ကိုလေ့လာတဲ့အခါ
ဗုဒ္ဓဘာသာရဲ့ ရှုထောင့်အရ
ဂေဟစနစ်ဆိုတာ သတ္တလောကနဲ့ သြကာသလောက နှစ်မျိုးအတွက်သာအကျုံးဝင်တာကို တွေ့ရပါတယ်။
သတ္တလောက ကိုလေ့လာတဲ့အခါ သတ္တလောကဆိုတာ ၃၁ ဘုံကို နေ သတ္တဝါတွေရဲ့ ပုဂ္ဂိုလ် စရိုက် behaviour တွေကို ရည်ညွှန်းပါတယ်။ သြကာသလောကဆိုတာ ဘုံပတ်ဝန်းကျင် enviroment ကို ရည်ညွှန်းပါတယ်။
ဗုဒ္ဓဘာသာရှုထောင့်အရ စကြ်ာဝဠာ၊ ဂြိုဟ်၊ ကမ္ဘာ၊ ဘုံ၊ ဌာန နေရာအမျိုးမျိုးနဲ့ ပတ်ဝန်းကျင်လောက တွေဟာ သြကာသ လောက ကို ကိုယ်စားပြုနေတာဖြစ်ပါတယ်။ ဗုဒ္ဓ က စက်ြဝဠာ ဘယ်လောက်ဘဲကြီးမား ကျယ်ပြန့်နေပါစေ သတ္တလောကအရ ချုံ့ကြည့်လိုက်ရင် သတ္တဝါတွေရဲ့ တည်နေပုံအလိုက် ၃၁ ဘုံဆိုပြီးခွဲပါတယ်။
သြကာသလောက အလွှာကို သတ္တလောကတည်ဖြစ်ပုံအလွှာကနေ ခြုံငုံလိုက်ပြီး ၃၁ ဘုံနဲ့ ပိုင်းဖြတ်လိုက်ပုံပါပဲ။ မြင်နိုင်တဲ့ လေ့လာမှု နယ်ပယ်ကို ပိုမြင်ရအောင်လို့ ကျဉ်းပစ်လိုက်တယ်လို့ ယူဆတယ်။
စင်္ကြာဝဠာကြီးက
မရေတွက်နိုင်လောက်အောင် ဘယ်လောက်ပဲကျယ်ဝန်းကျယ်ဝန်း
၃၁ ဘုံဆိုတဲ့အယူအဆထဲကို
ချုံ့ ကြည့်ထည့်သွင်းလိုက်လျှင် ရှင်းလင်းတဲ့ စဉ်းစားမှုမျိုး ပိုရနိုင်ပါတယ်။
အဲဒါကိုပဲ သတ္တဝါတွေကျင်လည်ကျက်စားတတ်တဲ့ ရှုထောင့်အရ ပြန်ချုံ့ကြည့်လိုက်လျှင် ဘုံ ၃-ပါး အကျဉ်းကို တွေ့ရမှာပါ။
၁။ ကာမဘုံ
၂။ ရူပဘုံ
၃။ အရူပဘုံ
ဆိုပြီး ရှင်းနိုင်သမျှ ရှင်းအောင် အကျဉ်းချုံးပြီး သိမြင်နိုင်အောင် ဘုံသုံးပါးပဲတွေ့နိုင်ပါတယ်။
စကြာဝဠာကြီး ကို ဘုံ ၃ ပါးနဲ့ လည်း အကျဉ်းချုံးပြထားသလို ၃၁ ဘုံနဲ့လည်း အကျယ်ပြထားခဲ့တယ်လို့ဆိုရပါမယ်။
ဘုံသုံးပါ အလွှာထဲက ကာမဘုံဆိုတဲ့အလွှာထဲက သတ္တဝါတွေတည်ရှိပုံ ဖြစ်ပျက်ပုံ၊ တုန့်ပြန်တတ်ပုံ တွေနဲ့ အချင်းချင်းအပြန်အလှန်ကျေးဇူးပြုနေပုံ အညမည သဘောတရားကို လေ့လာတာဟာ ဗုဒ္ဓရဲ့ ecosystem လေ့လာမု သဘောတရားတွေပဲဖြစ်ပါတယ်။
ဒါကြောင့် ကမ္လာကတင်ပြတဲ့ ဂေဟ စနစ် ecosystem ဆိုတာ ကာမဘုံထဲက ဖြစ်ပုံပျက်ပုံ သဘာဝတရားအလုပ်လုပ်ပုံအဆင့်မှာပဲကျန်ခဲ့ပါတယ်။
လူနဲ့ပတ်ဝန်းကျင်ညီညွတ်စွာ ဘယ်လို ညီညီညွတ်ညွတ်နေသင့်သလဲဆို ထောက်ပြတာက အဘိဓမ္မာ လို့ပြောနိုင်ပါတယ်။
လူတွေရဲ့ အပြုအမူ behaviour တွေကို အဘိဓမ္မာနည်းအရ လေ့လာတဲ့ လောဘစရိုက်အုပ်စု၊ ဒေါသစရိုက်အုပ်စု၊ မောဟစရိုက်အုပ်စုတွေ ဘယ်လို အလုပ်လုပ်လဲဆိုတဲ့ လေ့လာတဲ့ပညာရပ်ပါပဲ။
သတ္တဝါတွေရဲ့ အပြုအမူ behaviour တွေကို ဘယ်လိုလေ့လာရသလဲဆိုတဲ့အချက်က အဘိဓမ္မာကတော့ ကျယ်ပြန့်ပြီးစနစ်ကျလှတဲ့ နည်းနာတွေပဲဖြစ်ပါတယ်။
ဗုဒ္ဓက ရဟန်းသံဃာတော်တွေကို ဝါဆိုခိုင်းတာဟာ သတ္တလောကနဲ့ သြကာသလောက နှစ်ခုကို ချိန်ညှိကျင့်သုံးခိုင်းတဲ့ လမ်းစဉ်ဖြစ်ပါတယ်။
အဲဒီမတိုင်ခင်က သံဃာတော်တွေဟာ
မိုးတွင်းကြီးထဲမှာ ဒေသစာရီတွေကြွ ဆွမ်းတွေခံကြတယ်။ အိန္ဒိယ လူ့အဖွဲ့အစည်းဟာ မိုးရာသီမှာ
လယ်စိုက်ပျိုးရေးကို အဓိကထားတဲ့ လယ်သမားအများစု အတွက် ဆွမ်းလှူဒါန်းဖို့ အခက်အခဲလည်းရှိနေပါလိမ့်မယ်။ နောက်ပြီး လယ်ကွင်းပြင်ကို ဖြတ်လာတော့ နင်းခြေဖျက်စီးလိုက်မိလို့ ပျက်စီးသွားတဲ့ စပါးပင်တွေအတွက်
အပြစ်ဆိုချင်ပေမဲ့ ရဟန်းတော်တွေရဲ့ သီလသိက္ခာတွေကြောင့် ပြောဖို့ခက်နေမယ်။
အဲဒီအခက်ခဲတွေကို စုစည်းပြီး ဗုဒ္ဓထံသွားရောက်ပြီးအရေးဆိုကြတယ်။
သာသနာပြင်ပဖြစ်တဲ့ တိတ္ထိတက္ကဒွန်းတွေတောင်မှ မိုးရာသီဆိုရင် အပြင်မထွက်ကြဘူး။ အစာရှာဖွေတဲ့ ပုရွက်ဆိတ်လို ပိုးမွှားတိရစ္ဆာန်တွေတောင်မှ အစာရှာ မထွက်ကြဘူးလို့ ဥပမာသက်သေတွေနဲ့ တင်လျှောက်ကြပါတယ်။
ဗုဒ္ဓက သတ္တလောကလို့ခေါ်တဲ့ သတ္တလောက တစ်ခုလုံးရဲ့ behaviour နဲ့ သြကာသလောကလို့ ခေါ်တဲ့ ပတ်ဝန်းကျင် အပုန်အလှန်ဆက်နွယ်မှုကို စဉ်းစားမိတဲ့အခါ ဝါတွင်းကာလ ဆိုတာပေါ်လာခဲ့တာပါပဲ။
မိုးတွင်း ကာလပတ်လုံးကျောင်းတိုက်အတွင်းနေထိုင်သီတင်းသုံးရန် ကန့်သတ်ထားခြင်းဖြစ်ပါတယ်။
ရဟန်းတွေကို အိန္ဒိယလူမှုအဖွဲ့အစည်းနဲ့ သဟဇာတဖြစ်နိုင်တဲ့ လူမှုအဖွဲ့အစည်းကို သတိပြုမိခဲ့တယ်ဆိုတဲ့သက်သေပါပဲ။
ဝါဆိုခြင်း ဆိုတာ
သံဃာ့အဖွဲ့အစည်းတစ်ရပ် ရှင်သန်ရပ်တည်ဖို့ အတွက် သတ္တလောကနဲ့ သြကာသလောက ညီညီညွတ်ညွတ်
မျှမျှတတ ဖြစ်အောင်ညှိယူတဲ့
လုပ်ငန်းစဉ်ဖြစ်ပါတယ်။
ဝါဆိုတယ်ဆိုတာ သတ္တလောကကြီးတစ်ခုလုံးထဲက သံဃာ့အဖွဲ့အစည်းရဲ့အလွှာနဲ့ ဩကာသလောကထဲက အိန္ဒိယလူမှု ဝန်းကျင်တစ်ခုကို ချိန်ညှိယူလိုက်တယ်လို့ယူဆနိုင်ပါတယ်။
ဝါဆိုတယ်ဆိုတာ လူအဖွဲ့အစည်းအတွင်းမှာပဲ သဘာဝတရားရာသီဥတုနဲ့ လယ်သမားတွေရဲ့ အပြန်အလှန်ဆက်စပ်နေမှု အပြင် လယ်သမားတွေနဲ့ သံဃာ့အဖွဲ့ အစည်းပြန်အလှန်စောင့်ရှောက်နေတဲ့ သဘောတရားဟာ ecosystem အရအကျိုးပြုနေတယ်ဆိုတာ သတိပြုသင့်ပါတယ်။
သတ္တလောက တစ်ခုအတွင်းမှာ လူနဲ့လမချင်းချင်း၊ လူနဲ့တိရိစ္ဆန် အချင်းချင်းပြန်လည်ညှိယူဆောင်ရွက်ခဲ့တဲ့ ecosystem အရ ဆောင်ရွက်ခဲ့တာကို ဝိနည်းမဟာဝါ ပါဠိတော်မှာတွေ့ရပါတယ်။
အဲဒီအချက်တော့ အသားကြီးဆယ်ပါးစားခြင်းကို ကန့်သတ်ခဲ့ခြင်းဖြစ်ပါတယ်။ ရဟန်းတော်တွေမစားရတဲ့ အသားကြီးဆယ်မျိုးက
(၁) မနုဿ မံသ- လူသား၊
(၂) ဟတ္ထိ မံသ- ဆင်သား၊
(၃) အဿ မံသ- မြင်းသား၊
(၄) သုနခ မံသ- ခွေးသား၊
(၅) အဟိ မံသ- မြွေသား၊
(၆) သီဟ မံသ- ခြင်္သေ့သား၊
(၇) ဗျဂ္ဃ မံသ-ကျားသား၊
(၈) ဒီပိ မံသ- ကျားသစ်သား၊
(၉) အစ်ဆ မံသ- ဝံသား၊
(၁၀) တရစ္ဆ မံသ- ဝံပုလွေသား
တို့ဖြစ်ပါတယ်။
ရဟန်းမစားရဖို့ဆိုတဲ့အချက်ဟာ ဂေဟစနစ်ကို အပြန်အလှန်ဆက်သွယ်မှု ရှိတာကို ထောက်ပြနေကြောင်းဖြစ်ပါတယ်။
အနံ့ပြင်းတဲ့ အသားကြီးတွေကို ဆွမ်းအဖြစ်ဘုန်းပေးပြီး ရဟန်းတွေက တောထဲတရားအားထုတ်ရတဲ့အခါ သားကောင်တေက လာရောက် အန္တရာယ်ပြုတာတွေ ကြုံတွေ့ရပါတယ်။ အနံ့ပြင်းတဲ့အသားတွေကို ရှောင်ခိုင်းတယ်ဆိုတာ ecosystem အတွေ့အကြုံကနေ ရဟန်းတွေကို လိုက်နာစေခြင်းဖြစ်ပါတယ်။
ချဲ့ထွင်စဉ်းစားချက်အရ ဗုဒ္ဓက
ဒေဝဒတ်တင်ပြတဲ့
သက်သတ်လွတ်စားခြင်းကို ကန့်ကွက်ခဲ့တာဟာ သတ္တဝါတွေအပြန်အလှန်မှီခိုနေတဲ့ အစာကွင်းဆက် (food chain) ဆိုတဲ့ ဂေဟစနစ် ecosystem အရ ဒေဝဒတ်တင်ပြချက်ဟာ အကျိုးအကြောင်းမသင့်လှတဲ့ သဘာဝတရားနဲ့ ဆန်ကျင်နေတယ် ဆိုတဲ့ အမြင်ကိုတွေ့မြင်ရပါတယ်။
သံဃာ့အဖွဲ့အစည်းတစ်ရပ် အသားပြွန်းဟင်းတွေကို လက်ခံတာ ဗုဒ္ဓက ရဟန်းတော်တွေ သဘာဝတရားတွေနဲ့ ဘယ်လိုလိုက်လျောညီထွေအောင်နေသင့်သလဲဆိုတဲ့အချက်ကို သင်ကြားပေးခြင်းမျိုးလည်း ဖြစ်ပါတယ်။
သိမ်းငှက်က မြွေကို စားတာ၊ မြွေကကြွက်ကစားတာ၊ ကြွက်က အင်းဆက်ပိုးမွှားတွေကို စားတာတွေက သဘာဝ တရား ကနေဖြစ်နေတဲ့ အစာကွင်းဆက် ဂေဟစနစ် Ecosystem တွေပါပဲ။
ဗုဒ္ဓဟာ သဘာဝတရားရဲ့ လျှို့ဝှက်ချက်တွေကို တွေ့ရှိ ဖော်ထုတ်သူ ဖြစ်တယ်။ သဘာဝတရားကို ဆန့်ကျင်တုန့်ပြန်နေသူမဟုတ်ဘူးဆိုတဲ့အချက်ကို တွေ့နိုင်ပါတယ်။
ဒါကြောင့် သတ္တလောကနဲ့ဩကာသလောက အလွှာတွေမှာရှိတဲ့ သဘာဝတရား ဖြစ်ပုံပျက်ပုံတွေကို လက်ခံနားလည်ထားပြီး သင်္ခါရအလွှာရဲ့ညအလုပ်လုပ်ပုံကို ဖော်ထုတ်ခဲ့ခြင်းပဲဖြစ်ပါတယ်။
သဘာဝကို သဘာဝအတိုင်း ထားရှိဖို့ ဆိုတာ သင်္ခါရလောကကို နားမလည်ဘဲနဲ့ မရနိုင်ဘူးလို့ ဆိုလိုတာပါပဲ။
ဆရာဦးရွှေအောင်ရဲ့ ပတိပူဇိကာ အမည်ရတဲ့ စာအုပ်မှာ သင်္ခါရဖွင့်ပုံလေးကို တွေ့ရပါတယ်။
“သင်္ခါရ ဟူသည်နေရာတိုင်း၌ရှိ၏။ သင်္ခါရရှိလျင် သစ္စာလေးပါလည်းရှိသည်သာဖြစ်၏။ အမွန်အားဖြင့် သင်္ခါရဟူသည် သတ္တလောက၏ တရားကိုယ်ဖြစ်၏။ သြကာသလောက၏ တရားကိုယ်လည်းဖြစ်၏။ ပရမတ္ထအရဆိုလျှင် သတ္တလောကဟူသည်လည်း တကယ်ရှိသည်မဟုတ်။ သြကာသလောကဟူသည်လည်း တကယ်ရှိသည်မဟုတ်။ သင်္ခါရလောကသာလျှင် တကယ်ရှိ၏။ ထို့ကြောင့် သတ္တလောကနှင့် သြကာသလောကတို့သည် သင်္ခါရလောက ၏ အသွင်များသာဖြစ်ကြ၏။ ” ဆိုတဲ့ ရှင်းလင်းဖော်ပြပုံကို ကြည့်ရင်
သမ္နုတိလောကနယ်နှင့် ပရမတ္ထ
နယ်နှစ်ခုရှိတယ်ဆိုတာတွေ့နိုင်ပါတယ်။
ဒါကြောင့် ကမ္ဘာကပြောနေတဲ့ ဂေဟ စနစ် Ecosystem ဆိုတာ ဗုဒ္ဓရဲ့အမြင်အရ အသွင်လောကအဆင့်မှာပဲရှိပါတယ်။ အဲဒီအသွင်ထဲမှာ solution အဖြေ မရှိပါဘူး။
ဂေဟဗေဒစနစ် Ecosystem ရဲ့ အရင်း အမြစ် နားလည်သဘောပေါက်ဖို့ဆိုရင် သင်္ခါလောက ကို နားလည် သလောပေါက်မှသာရနိုင်မှာဖြစ်ပါတယ်။
ဒါကြောင့် ဗုဒ္ဓက သားပြွန်းဟင်းကို
ခွင့်ပြုတယ်ဆိုတာ
သတ္တလောကနဲ့ဩကာသလောက ထဲကသဘာဝတရားကို လက်ခံခြင်းဖြစ်ပြီး
သင်္ခါရလောကအလွှာကနေ ဆွမ်းဘုန်းပေးခြင်းဖြစ်တယ်လို့ နားလည်နိုင်ပါတယ်။
ဒါကြောင့် သင်္ခါရလောကဆိုတာကို နားလည်သဘောပေါက်မှသာ ဗုဒ္ဓပြောချင်တဲ့ ဗုဒ္ဓဂေဟဗေဒစနစ် Buddhist Ecosystem ကို နားလည်သဘောပေါက်နိုင်ကြောင်း တင်ပြရပါတယ်။
အာကာမိုးသူ
၄း၃၀ ညနေခင်း
၂.၆..၂၀၂၀
သူငယ်ချင်း ဒေါက်တာအာကာမိုးသူ၊ တွဲဖက်ပါမောက္ခ(အရှေ့တိုင်းပညာ)၏
ဆောင်းပါးကို ကူးယူဖော်ပြပါသည်။
https://m.facebook.com/story.php?story_fbid=1642210229265402&id=100004293210150
0 Comments